သတင်း

အရာတော်မြို့နယ် ဆင်တလည်ကျေးရွာ မှ နေအိမ် ၃၀ ကျော် မီးရှို့ခံရ

အရာတော်မြို့နယ် ဆင်တလည်ကျေးရွာမှ နေအိမ် ၃၇ လုံးကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးအဖွဲ့များ ဝင်ရောက်စီးနင်းကာ မီးရှို့သွားကြောင်း Ayadaw Bone Naing PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ဆင်တလည်ရွာကို လက်နက်ကြီး ၁၅ လုံး ခန့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်များကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ချက်ချင်းပြန်ထွက်ခွာသွားကြောင်း Ayadaw Bone Naing PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဖြစ်တဲ့ ဖြစ်စဉ်က ကဲဘာရွာဘက်ကို စစ်ကြောင်းထိုးမဲ့ပုံစံမျိုးနဲ့ ဆင်တလည်ရွာကို ဦးတည်ပြီး လက်နက်ကြီး ၁၅ လုံး လောက်ကိုထုပြီး ဝင်စစ်ကြောင်းထိုးတာ။ ပြီးတော့ နေအိမ် ၃၀ ကျော်လောက်ကို မီးရှို့ပြီး ဒီတိုင်းပြန်ထွက်သွားတာ ပြည်သူလူထုကတော့ အထိအခိုက်မရှိလောက်ဘူး။ ဘာလို့ဆို ပထမနေ့တည်းက ရှောင်နေပြီလေ ရွာထဲမှာရှိရင်တောင် PDFတွေပဲရှိနိုင်တယ်” ဟုပြောဆိုသည်။

စစ်ကောင်စီ နှင့် ပျူစောထီးများသည် ဆင်တလည်ကျေးရွာကို မီးရှို့ကာ ချက်ချင်းပြန်ထွက်သွားပြီးနောက် ဒေသခံ LDF များ အချိန်မှီ ဝင်ရောက် မီးငြိမ်းနိုင်ခဲ့ခြင်းကြောင့် နေအိမ် ၃၀ ကျော်သာ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု ဒေသတွင်း အရာတော်ဖေ့ဘုတ်စ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆင်တလည်ရွာမှ ပြည်သူများသည် စစ်ကြောင်းမထိုးခင်ရှေ့တစ်ရက်ကတည်းက ရှောင်နှင့်ပြီးသားဖြစ်သောကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိနိုင်ကြောင်း သူကဆက်ပြောသည်။

အဆိုပါ ကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိကာ အရာတော်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ပျူစောထီးရွာဟု နာမည်ကြီးသည့် ငွေတွင်းရွာ နှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည်။

Show More

Related Articles

Back to top button