သတင်း

မချမ်းဘော့ COC ခရစ်ယာန်ဘုရားကျောင်း နယ်မြေကို သိမ်းယူမည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ပါးလာပြောသဖြင့် အသင်းတော်ဘက်မှလည်း စွန့်လွတ်ရန် ဆုံးဖြတ်

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ခန်းကျိုကျေးရွာ (Hkang Ju Mare) ခရစ်တော်၏ အသင်းတော် (COC) ဘုရားကျောင်းဝင်းကို ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် မြေနေရာအဖြစ် သိမ်းယူတော့မည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ဦး လာပြောသဖြင့် အသင်းတော်ဘက်မှလည်း လက်လျော့ စွန့်လွတ်လိုက်သည်ဟု သိရသည်။

ခန်းကျို COC ဘုရားကျောင်း ဧရိယာတွင် ရှေးဟောင်း ရုပ်တုကလေးများကို ၂ ကြိမ်တိုင် တွေ့ရှိခဲ့သည့်နောက် ပြီးခဲ့သော ဇွန်လ ၁၅ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီး ၃ ဦးလာရောက်ကာ ထိုခရစ်ယာန်ဘုရားကျောင်းနယ်မြေကို ဗုဒ္ဓဘာသာ ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် ဥပဒေ နှင့်အညီ သိမ်းယူတော့မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့သည်ဟု COC အသင်းတော်တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ဌာပနာတွေ တွေ့တာနဲ့ ပတ်သက်ပြီး သုတေသနအဖွဲ့တွေကလည်း နှစ်ပေါင်း ၅၀၀ ကျော်ကြာပြီဖြစ်တဲ့ ဌာပနာတွေဖြစ်တယ်လို့ ပြောတယ်။ ဒီနေရာကို ယဉ်ကျေးမှုအမွေအနှစ်နေရာ သတ်မှတ်သင့်တယ်။ ပြီးရင် ဝန်ကြီး ၃ ပါးလည်း အထူးလာပြော သွားတယ်။ ဌာပနာတွေ့လို့ ဗုဒ္ဓဘာသာတွေနဲ့ ပြဿနာဖြစ်တာကို ရှင်းပေးဖို့မဟုတ်ဘူး။ ဒီနေရာကို ရှေးဟောင်း အမွေအနှစ် နေရာသတ်မှတ်လိုက်ပြီ။ ဘယ်ဘက်မဆို သဘောတူညီပေးရမယ်။ သူတို့က နိုင်ငံတော်ကနေ ဥပဒေနဲ့အညီလာတယ်လို့ ပြောတာဖြစ်တဲ့အတွက် ငြင်းပယ်လို့မရဘူး။ အဲ့ကြောင့် သဘောတူတယ်ဆိုပြီး လက်မှတ်ထိုး တင်ပြထားပြီ” ဟု ပြောဆိုသည်။

အဆိုပါ COC ဘုရားကျောင်းမြေနေရာကို ၁၉၅၀ ခုနှစ်ခန့်တွင် စတင်ဆောက်လုပ်ခဲ့ကြပြီး ၁၉၇၆ ခုနှစ် စုပေါင်း ခရစ္စမတ်ပြုလုပ်ချိန်တွင် ပထမဆုံး ဌာပနာ ရုပ်ပွားတော်တစ်ခု တွေ့ရှိခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ၅ လပိုင်းတွင် ထိုနေရာအတွင်း လက်ရှိ ဗုဒ္ဓဘာသာဝင်များ၏ စေတီရှိသောနေရာဘက်ခြမ်း ၆ ပေခန့်အကွာတွင် ရုပ်ထု ၃၀ ခန့် ဒုတိယအကြိမ် ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

၁၉၇၆ ခုနှစ် ပထမဆုံး စတင်တွေ့ရှိခဲ့ချိန်မှစတင်ပြီး COC အသင်းတော် နှင့် ဗုဒ္ဓဘာသာဝင်များကြား အငြင်းပွားမှု မကြာခဏဖြစ်ပွားခဲ့သည်။ သို့သော် ယခု COC အသင်းတော်ဘက် မှ မြေနေရာစွန့်လွတ်ရခြင်းမှာ အာဏာပိုင်များမှ တရားဥပဒေနှင့်အညီ လာရောက်ပြောဆိုမှုများကြောင့် မြေနေရာစွန့်လွှတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“တစ်ဖက်ကနေ စဉ်းစားကြည့်ရင်တော့ စိတ်နာစရာတွေပါဘဲ။ ကျနော်တို့ ဘုရားကျောင်းဝင်းမှာ ဌာပနာတွေ့ကတည်းက အောက်ခြေအဆင့်ဆင့် တရားရင်ဆိုင်ခဲ့တာတွေ အကြိမ်ကြိမ်ပါဘဲ။ တရားရုံးမှာလည်းပဲ ကျနော်တို့ အမှုနိုင်ထားပြီဖြစ်တယ်။ သို့ပေမယ့်လည်း နိုင်ငံတော်ကနေ ယဉ်ကျေးမှုထိန်းသိမ်းရေး ဥပေဒဘောင်ထဲမှာ ပါသွားပြီလို့ ပြောတာပြီဖြစ်တဲ့အတွက် ဥပဒေကို လေးစားနဲ့အနေနဲ့ စွန့်လွှတ်လိုက်ရခြင်းဖြစ်တယ်” ဟု COC အသင်းတော်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

COC ဘုရားကျောင်းနယ်မြေကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြေနေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည့်အတွက် ဘုရားကျောင်း မြေနေရာအစားထိုးမှုနှင့် နစ်နာဆုံးရှုံးမှုအတွက် နဂိုအတိုင်း ပြန်လည် လုပ်ဆောင်ပေးမည်ဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ဝန်ကြီး ၃ ဦး လာရောက်ချိန် ကတိပြု ပြောဆိုထားကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ မြေနေရာ အစားထိုးအဖြစ် လုပ်ဆောင်ပေးပြီးမှသာ နေရာအသစ်သို့ရွှေ့ပြောင်း ဝတ်ပြုကိုးကွယ်ကြမည်ဖြစ်ပြီး လက်ရှိတွင် ထိုနေရာတွင်သာ ဆက်လက် ဝတ်ပြုသွားမည်ဟု ဆိုသည်။

သက်တမ်းရင့် ခရစ်ယာန်အသင်းတော်ပိုင် မြေနေရာတစ်ခုကို နိုင်ငံတော်မှ ရှေးဟောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ် မြေနေရာအဖြစ် သတ်မှတ်သိမ်းဆည်းခံရသည့်အပေါ် အလွန်စိတ်မကောင်းဖြစ်ရသည်ဟု ပူတာအိုမြို့ပေါ်မှ ရဝမ် COC အသင်းတော်မှ ဆရာတော်တစ်ပါး က ယခုလို ပြောဆိုထားသည်။

“နဂိုကတည်းကနေ အစဉ်အလာအရ အဲ့မှာရှိတဲ့ COC အသင်းတော်က အရင်ရှိပြီးသား ဖြစ်တယ်။ အခု ဆိုလေးငါး ဆယ်နှစ် ကြာလာပြီ။ ဗုဒ္ဓဘာသာဝင်အတွက်လည်း သီးသန့်မြေနေရာရှိတယ်။ ဘာသာတိုင်းအတွက် သီးသန့်မြေနေရာရှိတယ်။ အခုလို နိုင်ငံတော်ကနေသိမ်းမယ်လို့ သိရတော့ ညီကိုယ်အသင်းတော်အတွက် တကယ်စိတ်မကောင်း ဖြစ်ရတယ်။ ကျနော်တို့ ဖြစ်ချင်တာက နဂိုမူလမပျက် ရှိနေတဲ့အတိုင်းဘဲ ရှိနေစေချင်ပါတယ်” ဟု ပြောဆိုသည်။

သိမ်းခံရတော့မည့် COC ဘုရားကျောင်းသည် ခန်ကျိုကျေးရွာ၏ အလယ်တွင်တည်ရှိနေပြီး မြေနေရာအားဖြင့် ၁.၀၁ ဧက ကျယ်ဝန်းသည်။

Show More

Related Articles

Back to top button