
တနိုင်း လီဒိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေအတွင်းရှိသော ချောင်းဆုံရွှေမှော်အနီး ကနွယ်သူမှော်တွင် အခြေစိုက်ထားသော KIA တပ်စခန်းကို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရှဒူးဇွပ်ဒေသခံများထံမှသိရသည်။
ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်း ၄နာရီဝန်းကျင်ခန့်တွင် ရှဒူးဇွပ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် ဦးဆောင်သောအဖွဲ့သည် KIA စစ်သား ၇ဦးခန့်သာရှိသော ကနွယ်သူ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ၂ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ပြည်သူ့စစ်နှင့်နီးစပ်သည့် ရှဒူးဇွပ်ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။
“ပြည်သူ့စစ်အဖွဲ့တွေ သွားတိုက်ခဲ့တာမှန်ပါတယ်။ KIA တပ်စခန်းကို သွားတိုက်ဖို့ မနက်အစောကြီး ပြည်သူ့စစ်အဖွဲ့တွေ ကား ၂စီးနဲ့ သူတို့ရဲ့ ပြည်သူ့စစ်စခန်းကနေ ထွက်သွားကြတာဟုတ်တယ်။ KIA ဘက်က ၂ယောက်ကျတယ်။ ၂ယောက်က တော့ ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီစခန်းက စစ်သား ၇ယောက်လောက်ဘဲရှိတယ်လို့ကြားတယ်”ဟုပြောဆိုသည်။
ယခုလို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခြင်းသည် ရှဒူးဇွပ်ကျေးရွာအနီးရှိသော ရွှေမှော်ဒေသများကို နယ်မြေစိုးမိုးရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူကဆက်ဆိုထားသည်။
“ဒီမှာက မှော်ဒေသဖြစ်တဲ့အတွက် အာဏာပြကြတယ်လို့ဘဲမြင်တယ်။ ပြည်သူ့စစ်တွေကလည်း ဒီဒေသအားလုံးကို သူတို့ဘဲ နယ်မြေစိုးမိုးချင်နေဟုတ်တယ်။ တဖက်မှာလည်း KIA ထိန်းချုပ် နယ်မြေလည်းဖြစ်နေတော့”ဟုပြောဆိုသည်။
ပြည်သူ့စစ်အဖွဲ့သည် ချောင်းဆုံရွှေမှော်တွင် တပ်ချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ စစ်အင်အား ၅၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအနီးရှိသော ရွှေမှော်ဒေသအတွင် ပြည်သူ့စစ်အဖွဲ့မှ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပါသည်။
ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သော ဇွန်လအတွင်းမှ ရှဒူးဇွပ်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်နေပြီး ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စသောကျေးရွာအတွင်းမှ KIA တပ်ရင်း ၁၄ ဘက်သို့ သွားလာသည့် လမ်း ၄ခုခန့်ကိုလည်း ဖြတ်တောက်ထားခြင်းဖြစ်ပါသည်။
အဆိုပါ မင်းဇင်သန့် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင် တပ်စွဲအခြေစိုက်ထား ပြီး ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်း အောက်တွင်ရှိသော အဖွဲ့ဖြစ်သည်။