သတင်း

ခင်ဦးနယ်တွင် PDF နှစ်ဦးသတ်ဖြတ်ခံရပြီး အရပ်သား ၃၀ ကျော်ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးပစ်သတ်ခံရပြီး ဒေသခံပြည်သူ ၃၀ ကျော်ကိုလည်း ဓားစာခံအဖြင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၁၇ ရက်နေ့တွင် ရေဦးမြို့မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်အင်အား ၁၀၀ ကျော်ခန့်အပါ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်တိုင်းလေးတောင်ရွာအနီးရှိ အုတ်စပ်ကျေးရွာအတွင်း ဝင်ရောက်လာခဲ့သည့်နောက်ပိုင်း အရပ်သားပြည်သူများကို ဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်ဟု ခင်းဦးမြို့နယ် PDF မှတာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

“အုတ်စပ်ရွာက ပြည်သူ ခြောက်ဦးကိုအရင်ဦးဆုံးဖမ်းတယ်။ ဖမ်းပြီးတော့ နှစ်ဦးကတော့လမ်းမှာပြန်လွတ်လာတယ်။ ကျန်လေးဦးကတော့ သူတို့ရဲ့ စစ်ကြောင်းထဲ ခေါ်သွားတယ်။ အင်တိုင်းလေးကနေ အရာတော်ရွာဘက်စစ်ကြောင်းထိုးဝင်တယ်။ လမ်တစ်လျှောက်မှ လက်နက်ကြီးတွေ ပစ်တာတွေလုပ်တော့ သာဝထိရွာနားက သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီးပစ်ခတ်သံကြောက်လန့်ပြီးသေသွားတယ်။ သူတို့က တိုက်ပွဲမဖြစ်ရင်လည်း လက်နက်ကြီးတွေပစ်တာဘဲ”ဟုပြောဆိုသည်။

ထိုနည်းတူ စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၁၈ရက် ယမန်နေ့ သာဝထိရွာမှ ရှဒေါကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ချိန် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သား ၂ဦးကို ပစ်သတ်ခဲ့ကြောင်းသူကဆက်ဆိုထားသည်။

“သာဝထိကနေ ရှဒေါသွားလမ်းမှာပေါ့ ကာကွယ်ရေး ရဲဘော်နှစ်​ယောက်ကို ဒီကောင်တွေလမ်းမှာပစ်သတ်ခဲ့တယ်။ အဖွဲ့နာမည်ကတော့ ပြောပြလို့အဆင်မပြေဘူး Local ရဲဘော်နှစ်ဦးကျဆုံးသွားတယ်။ ဒီလောက်ပဲပြောလို့ရမယ်။ လမ်းကြောင်းထောက်ရင်းနဲ့လမ်းမှာမိပြီး သတ်ခံလိုက်ရတာဟုတ်တယ်”ဟုပြောဆိုသည်။

ထို ရှဒေါကျေးရွာတွင် PDF တပ်သား ၂ဦးသတ်ဖြတ်ခံရသည့်အပြင် ရှဒေါကျေးရွာမှ အရပ်သားပြည်သူ စုစုပေါင်း ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟုသိရသည်။

အဆိုပါ ဖမ်းခေါ်သွားသည့် ၃၀ ကျော်တွင် အမျိုးသားနှင့်အမျိုးသမီး များပါဝင်ပြီး အမျိုးသားများကို အထမ်းများသယ်ခိုင်းပြီး အထမ်းမသယ်သော ရွာသားတစ်ချို့ကို လက်နောက်ပြန်ကြိုးသုပ်ကာ စစ်ကြောင်းထဲ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေ ဒေသခံများပြောဆိုချက်မှသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အင်တိုင်းလေးတောင်ရွာမှတဆင့် သာဝထိရွာ သို့​စစ်​ကြောင်းထိုးလာစဥ် လမ်းခုလပ်တွင်ရှိသော လူနေအိမ် ၅လုံးခန့် မီးရှို့ဖျက်ဆီးမှုများလည်းရှိခဲ့ကြောင်း ဆက်သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီဘက်မှ သာဝထိရွာမှ ရှဒေါရွာဘက်သို့စစ်ကြောင်းထိုးစဥ် လေယာဥ်နှစ်စီးဖြင့် ကျေးရွာအနီးတဝိုက် လာရောက်ဗုံးကျဲတိုက်ခိုက်မှုများရှိခဲ့သဖြင့် သာဝထိ၊ မုံလှ၊ ရှဒေါ ၊ နယုန်ကြီး စသောကျေးရွာတွင်ရှိသော ဒေသခံပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်းနေရဆဲဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု ၁၆၀ ဦးခန့် အထိရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button