သတင်း

ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မန္တလေး-မုံရွာလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို Chaung U Local Defense Force (CLDF) နှင့် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်တို့ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် မန္တလေး-မုံရွာ လမ်းမကြီးအတိုင်း မောင်းနှင်လာရာ ချောင်းဦးမြို့ နှင့် ငါးယှန်ကျေးရွာကြားရှိ လမ်းခုလတ်တစ်နေရာအရောက်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း၇လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု CLDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့ဘက်က အင်အားဘယ်လောက်ပါလဲတော့ အတိအကျ မသိရဘူးဗျ။ ၁၄ စီးပါ ယာဉ်တန်း ထွက်ခွာလာတယ် ဆိုတဲ့သတင်းအရ ကျွန်တော်တို့ ကြိုတင်စောင့်ဆိုင်းပြီး ၁၂ စီးမြောက်ယာဉ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် သူတို့ဘက်က အကျအဆုံးနဲ့ဒဏ်ရာရရှိတဲ့အခြေနေကို ဆေးရုံနဲ့အနီးတဝိုက်မှာရှိတဲ့ ကျွန်တော်တို CLDF မြေပြင်ကင်းထောက်တွေကတဆင့် အတည်ပြုနိုင်ခဲ့တာပါဗျ” ဟုပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုသည် ၇၅ ကြိမ်မြောက် အာဇာနည်နေ့တွင် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် CLDF က ရဲဘော်များနှင့် မြန်မာပြည်တစ်ဝှမ်းလုံးမှ ကျဆုံးခဲ့ရသည့် ရဲဘော်များ၊ ပြည်သူများအတွက် ရည်ရွယ်ကာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု CLDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Show More

Related Articles

Back to top button