သတင်း

ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ဖမ်းခံရသည့် ပြည်သူ ၈ဦး မိသားစုနှင့်အဆက်သွယ်မရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းမှ အပြန် လမ်းခုလတ်တွင် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ပြည်သူ ၈ဦးကို စစ်ကြောရေးတွင် သာထိန်းသိမ်းထားဆဲဖြစ်ပြီး ယနေ့ချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်‌နေ‌ကြောင်း ဒေသခံများထံမှသိရသည်။

“နောက်ဆက်တွဲဘာမှ မကြားရဘူးဗျ။ လောလောဆယ် ကျနော်တို့ကွင်းဆက်ပြတ်နေတာ ပြန်လွတ်ဖို့​ခြေအနေကတော့ မသေချာလောက်ဘူး။ ကိုသိန်းထွန်းက သေနတ်အတိုတစ်လက်ပါသွားတာ။ အမျိုးသမီးတွေကသပိတ်လိုက်တဲ့သူတွေဆိုတော့ ၅၀၅ (က) တွေဘာတွေရှိမယ်ထင်တယ်ဗျ။ ခုချိန်ထိ အဆက်အသွယ်မရသေးတော့ ဘာမှမသိရဘူး” ဟု ဦးသိန်းထွန်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ဖမ်းခံရသည့် ၈ဦးအနက် ၇ဦးသည် အမျိုးသမီးများဖြစ်ကြပြီး ကျန်းတစ်ဦးမှာ အမျိုးသားဖြစ်သည်။ ၎င်းတို့သည် ဆန်းကြွယ်နှင့် ဆိုင်းတောင် ကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်သည်။

ဇူလိုင်လ ၁၃ ရက်နေ့ ည ၅ နာရီအချိန်တွင် သပိတ်စစ်ကြောင်းထွက်ပြီးနောက် အပြန်လမ်း ကျောက်စိမ်းတံတားနား အရောက်တွင် စစ်ကောင်စီတပ်မှ သေနတ်ထောက်ကားရပ်ခိုင်း၍ ဖမ်းခေါ်သွားခြင်းဖြစ်သည်။

“ခုထိစစ်ကြောရေး ဗျူဟာကုန်းမှာပဲ ထားတယ်လို့ကြားတယ် ရဲကိုမလွှဲသေးဘူး။ စစ်ကြောရေးမှာဆိုတော့မိသားစုနဲ့ဆက်သွယ်လို့မရသေးဘူး ရဲကိုလွှဲမှ မိသားစုနဲ့ဆက်သွယ်လို့ရမယ်ထင်တယ်”ဟု ဒေသခံအမျိုးသားက ဆက်ဆိုသည်။

လက်ရှိဖမ်းဆီးခံရသူများသည် အသက် ၆၄နှစ် ဒေါ်တိုး၊ ၅၁နှစ် ဒေါ်ခိုင်၊ ၄၅နှစ် ဒေါ်မာလင်း၊ ၃၁နှစ် မလင်းလဲ့၊ ၅၈နှစ် ဒေါ်ငွေ၊ ၃၀နှစ် မပေါပေါ၊ ၄၁နှစ် ဒေါ် မြင့်သန်းနှင့် ရပ်မိရပ်ဖ ကိုထွန်းသိန်းတို့ ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် ယခုကဲ့သို့ပြည်သူများဖမ်းခံရမှုမှာ မကြာ ခဏဖြစ်ပွားနေပြီး ဇွန်လ ၃၀ ရက်နေ့က မက်လင်ချောင်တွင် ဖမ်းခံရသည့် ပြည်သူ ၂၃ ဦးအနက်လည်း ၁၉ ဦးသာပြန်လွတ်ပေးပြီး ၄ ဦးကို တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button