သတင်း

အောင်မြင်သာကျေးရွာအဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တစ်ခု ယမန်နေ့ ည ၉နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ကကြောင်း ဒေသခံများ ထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ် အောင်မြင်သာကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်သားနှင့်ရဲများ တပ်စွဲနေထိုင်သည့် စစ်ဆေးရေးဂိတ်မီးရှို့ခံလိုက်ရခြင်းဖြစ်ပြီး PDF မြို့ပြပြောက်ကျား တပ်ဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း အောင်မြင်သာ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

“အကုန်လောင်သွားတယ် ဖြစ်တာက ၉ နာရီနဲ့ ၁၀ နာရီကြားမှာဖြစ်မယ်။ အဲ့ဒီဂိတ်က အပေါ်တင်မစောင့်တာတော့ကြာပြီ။ ဒါပေမယ့် တစ်ခါတစ်လေ နှစ်ယောက် သုံးယောက်လာပြီးစောင့်တာတော့ရှိတယ်။ အပေါ်တင်ကြီးစောင့်ပြီး အခွန်မကောက်တာတော့ကြာပြီ။ တစ်ခါတစ်လေ ကောက်တာတော့ရှိတယ်”ဟုပြောဆိုသည်။

မီးရှို့ဖျက်ဆီးခံရသည့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ရဲတို့ပူးပေါင်းကာ မြစ်ကြီးနားနှင့်ပူတာအို အတက်/အဆင်း ကုန်တင်ကားနှင့်ခရီးသည်များထံမှ ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိကောက်ခံမှု ပုံမှန်ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေး ဂိတ်ကို သွပ်မိုး၊ ထရံဖြင့် ဆောက်လုပ်ထားသည့် ဂိတ်ဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုတွင် ဂိတ်နှင့်ပူးတွဲ ဖွင့်လှစ်ထားသော ကွမ်းယာ ဆိုင်လည်း မီးထဲပါသွားကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးသွားသည့် နေရာသို့ ယနေ့နံနက်ပိုင်း အုပ်ကွက်တာဝန်ရှိသူများက သွားရောက်ကြည့်ရှူခဲ့ပြီး ရဲနဲ့ စစ်သားများက လာရောက်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိတွင် ပုံမှန်အတိုင်းသွားလာခွင့်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button