သတင်း

ပူတာအို မြို့ နှင့် ရပ်ကွက်များတွင် တစ်လနီးပါး လျှပ်စစ်မီး ပြတ်တောက်မည်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအားလုံးတွင် တစ်လနီးပါး လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် EPC ရုံး မှ သိရသည်။

ပူတာအိုမြို့နယ်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မိုးကြိုးပစ်ခတ်ခဲ့ရာ ဓာတ်အားထုတ်ဖြန့်ဖြူးပေးသည့် စက်နှစ်လုံးအနက် တစ်လုံးထိခိုက်ပျက်စီးခဲ့သည်။

“အဓိကဓာတ်အားထုတ်ပေးတဲ့စက်ပေါ့ ကျန်နေတဲ့နောက်တစ်လုံးပါ ဟိုနေ့ကပျက်သွားတယ်။ ပျက်သွားတယ် ဆိုတာက လုံးဝ ပျက်သွားတာတော့မဟုတ်ဘူး ဓာတ်အားအနည်းငယ်ပဲထုတ်နိုင်တော့တယ်။ အများကြီးမထုတ်နိုင်တော့ဘူး။ အဲ့ကြောင့် အခုလောလောဆယ်ကတော့ အစိုးရဌာန ဆိုင်ရာရုံးတွေနဲ့ ဝန်ထမ်းလိုင်းခန်းတွေ လောက်ကိုပဲ မီးပေးနိုင်တော့တယ်။ ရပ်ကွက် ကျေးရွာတွေကို တော့မီးမပေးနိုင်သေးဘူး” ဟု ပူတာအို EPC မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

မိုးကြိုးပစ်ခတ်ကြောင့် ပျက်စီးသွားသည့် စက်ကိုပြန်လည်ပြုပြင်ရန်တရုတ်နိုင်ငံမှ ပညာရှင်ခေါ်ထားသောကြောင့် ပြုပြင်ကာလတစ်လနီးပါး ကြာမြင့်နိုင်သည့်အတွက် ပူတာအိုမြို့နယ်အတွင်းရှိပြည်သူများ တစ်လနီးပါး လျှပ်စစ်မီးရရှိနိုင်မည် မဟုတ် ကြောင်းသိရသည်။

ယင်းအခြေအနေကို သိရှိထားသည့် ဒေသခံပြည်သူအချို့သည် လျှပ်စစ်စွမ်းအင်အသုံးပြုနိုင်ရေး ဘတ်ထရီ ဆော်လာပြားများ ဝယ်ယူနေကြသော်လည်း လတ်တလောတွင် မူရာသီဥတုအခြေအနေကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပူတာအိုမြို့ မြို့မရပ်ကွက်မှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

“တချို့လူတွေတော့ ဆော်လာပြားတွေ ဝယ်ကြ ဘတ်ထရီတွေဝယ်ကြလုပ်နေပေမယ့် နေ့တိုင်းလိုလိုမိုးကရွာနေတာ အဲ့တော့ဝယ်လည်း လောလော ဆယ်ကတော့ ဒုန်ရင်းဒုန်ရင်းပါပဲ မီးကတော့လာကို မလာတော့တာ။ ဒီတစ်ပတ်လုံးကိုမလာဘူး ပြောရမှာပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပူတာအိုဒေသတွင် ယခင်က ကျပ် ၅၀၀ ပေးဝယ်ရသည့် ဖယောင်းတိုင်တစ်ထုပ် လက်ရှိ ကျပ် ၁၀၀၀‌ စျေးရှိပြီး ဆီမီးခွက်အသုံးပြုရန်လည်း ဓါတ်ဆီးစျေးမြင့်တက်နေသောကြောင့် တာဝန်ရှိသူများအလျှင်အမြန်ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပြီး လက်ရှိမီးအသုံးပြုနေသူမှာ ပူတာအိုမြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ ကျော်က အသုံးပြုနေကြောင်း သိရသည်။

Show More

Related Articles

Back to top button