သတင်း

လယ်တောသွားလမ်းတွင် ပျောက်ဆုံးခဲ့သောသူကို ပြည်သူ့စစ် စစ်ကြောင်းတွင် တွေ့ရှိဟု ဒေသခံများပြော

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂေါဆက်ယန်ကျေးရွာမှ နန်ဇော်ယန်ကျေးရွာရှိသည့် ဘက်သို့ လယ်တောသွားရင်း ပျောက်ဆုံးနေသော အမျိုးသားတစ်ဦးသည် ပြည်သူ့စစ် စစ်ကြောင်းထဲတွင် ဖမ်းဆီးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

ပျောက်ဆုံးနေသော အမျိုးသားသည် အသက် ၂၆နှစ်အရွယ် ဦးလဒိန် ဖြစ်ပြီး နန်ဇော်ယန်တိုက်ပွဲဘက်မှ ပြန်လာသော ဦးရွှေမင်း ပြည်သူ့စစ် စစ်ကြောင်းတွင် စစ်ယူနီဖောင်းဖြင့် ဝါးရှောင်စျေးသည်တစ်ချို့ မြင်တွေ့ခဲ့ရသည်ဟုဝါးရှောင်ဒေသခံတစ်ဦး KNG ကို ယခုလိုပြောဆိုသည်။

“ပြည်သူ့စစ်အဖွဲ့တွေက ဝါးရှောင်ရေလွှဲဆည်ရှိတဲ့ဘက်မှာ စစ်ကြောင်း ၂ခုရှိနေတာဟုတ်တယ်။ အဲ့ထဲမှာ အခုပျောက်နေတဲ့ ဦးလဒိန်ပါတယ်တဲ့။ သူ့ကို အဲ့ဆယ်မြောင်းအနီးမှာ စျေးရောင်းတဲ့ စျေးသည်တစ်ချို့က တွေ့လိုက်တယ်တဲ့။ အဲ့ကြောင့် တစ်ရွာလုံးက အကုန်သိသွားကြတယ်။ အဲ့ကြောင့် သက်ဆိုင်တဲ့ လူကြီးတွေ ပြည်သူ့စစ်အဖွဲ့ကို သွားပြောဖို့ လုပ်နေကြတယ်”ဟု ပြောဆိုသည်။

လက်ရှိ ဝါးရှောင်ရေလွှဲဆည်ရှိသည့် အနီးတဝိုက်တွင် နန်ဇော်ယန်တိုက်ပွဲဘက်မှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ စစ်ကြောင်း ၂ခု တပ်စွဲနေထိုင်လျက်ရှိနေပြီး ထိုစစ်ကြောင်းထဲတွင် ပျောက်ဆုံးနေသော ဦးလဒိန်ပါဝင်ကြောင်း သူကဆက်ဆိုသည်။

အဆိုပါ စစ်ကြောင်း ၂ခုသည် ယခုအပတ်အတွင်း နန်ဇော်ယန်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၂၂ရက်နေ့ ဝါးရှောင်ဘက်ကို ပြန်လည် ဆုတ်ခွာလာသော စစ်အင်အား ၂၀၀ကျော်ခန့်ပါရှိသော စစ်ကြောင်းဖြစ်သည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။

ထို ပြည်သူ့စစ်အဖွဲ့သည် နန်ဇော်ယန်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အချိန်အတွင်း ဇူလိုင်လ ၁၈ရက်နေ့မှစပြီး ဝါးရှောင်နှင့် ဂေါ်ဆက်ယန် မှ လယ်တောသွားသော ပြည်သူ ၆ဦးခန့်ကို ဖမ်းဆီးခဲ့ရာ ကျန် ၅ဦးကို နေ့တွင်းချင်းပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးလဒိန်ကို KIA နှင့် ဆက်နွယ်နေသူဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ လက်ရှိအချိန်အထိ ဖမ်းဆီးထားခဲ့သည်။

ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးထားသော ဦးလဒိန်သည် ဂေါဆက်ယန်တွင် ‘မိဘမေတ္တာ’အမည်ဖြင့် ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ထားသူ ဖြစ်ပြီး ဇူလိုင်လ ၁၈ရက်နေ့ လယ်တောသွားရင်း အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

နန်ဇော်ယန်ကျေးရွာအနီးတွင် ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ကြားတိုက်ပွဲ ဇူလိုင်လ ၁၀ ရက်ကျော်ကြာဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ ၂ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button