မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ကြီးနား ဝိုင်းမော် တရုတ်တစ်သျှူး ငှက်ပျောလုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့် ထွက်ခွာ

မြစ်ကြီးနား ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်တစ်သျှူးငှက်ပျော လုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့်သည် ၂ နှစ်အတွင်း ကချင်ပြည်နယ်မှ ထွက်ခွာသွားပြီဟု သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအသင်း မှ သိရသည်။

တစ်သျှူးငှက်ပျော ကုမ္ပဏီပေါင်း ၃၀ ကျော်တွင် မြေငှား၍ လာရောက် လုပ်ကိုင်နေသည့် တရုတ်လုပ်ငန်းရှင်များသည် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ဆက်တိုက် အရှူံးပေါ် ခဲ့သဖြင့် ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။

”အဓိကတော့ ကိုဗစ်နဲ့ နိုင်ငံရေးအလေ့ အပြောင်းအလဲကြောင့် ဆုံးရှုံးနစ်နာမှုတွေရှိလို့ လုပ်ငန်းရှင်တွေ သုံးချိုးနှစ်ချိုး ကတော့ ထွက်ခွာသွားကြပြီ။ ရှူံးမယ်ဆိုပြီး ထင်လို့ ထွက်သွားကြတယ်။ အခုက ငှက်ပျော စိုက်သူတွေအတွက် စိုက်ပျိုးရာသီ စဖို့နေပြီ အဲ့တာဆက်မလုပ်ကြတော့ဘူး။ ဒီရာသီမှာ စထွက်ခွာသွားကြတာ” ဟု ပြောသည်။

လုပ်ငန်းရှင် အများပိုင်း ထွက်ခွာသွားချိန် နောက်ထပ် တရုတ်လုပ်ငန်းရှင်အသစ်များကို ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်ရန် ခေါ်ယူနေသော်လည်း လတ်တလောအထိ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

“တချို့လည်းပြန်ဝင်လာဖို့လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့်ပြန် မဝင်လာသေးဘူး ဒီကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေတုန်းပဲ။ ဝေမိုး ကုမ္ပဏီအနေနဲ့ဆိုရင်လည်း လုပ်ငန်းရှင် ၁၁ ယောက်ခေါ်ထားတယ်။ အဲ့ထဲမှာ ၈ ယောက် လောက်တော့ ဝင်လာမယ်ပြောပေမယ့် အခုထိတော့ မဝင်လာသေးဘူး။ စောင့်ကြည့်နေတုန်း။ အခြေနေကောင်းမှ ဝင်လာမယ့် သဘောနေမှာ”ဟု ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။

ဝိုင်းမော် နှင့် မြစ်ကြီးနားမြို့နယ်တွင် မြေငြား၍ တရုတ်လုပ်ငန်းရှင်များနှင့် တွဲဖက်၍လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၃၃ ခု ရှိပြီး ယခု တရုတ်လုပ်ငန်းရှင်များ ထွက်ခွာသွားကြသော်လည်း မြန်မာကုမ္ပဏီများမှာ မရပ်နားဘဲ ဆက်လက် လုပ်ကိုင်နေသည့်အပြင် တရုတ်လုပ်ငန်းရှင်အသစ်များကိုလည်း ဆက်လက်ခေါ်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်ဘက်ခြမ်း ကုမ္ပဏီတွေကတော့ ခုထိနားသွားတဲ့ ကုမ္ပဏီတော့မရှိ သေးဘူး။ တရုတ်တွေပဲ သူတို့မြေငှားခ မြေသြဇာခ တင်ပို့ခတွေ အလုပ်သမားခတွေကများပြီး ငှက်ပျောကားကြ မထွက်ရတော့ အရှူံးတွေနဲ့ ရင်ဆိုင်ကြရတော့ ထွက်သွားကြတာ”ဟု ဝိုင်းမော်မြို့နယ်အတွင်း ငှက်ပျောစိုက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

တရုတ်လုပ်ငန်းရှင်များ ယခုကဲ့သို့ ထွက်ခွာသွားရသည့် အဓိကအကြောင်းရင်းများတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ မှ ၂၀၂၂ ဇန်နဝါရီလအထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ထားခြင်း၊ ကိုဗစ်-၁၉ ကန့်သတ်မှတ်ချက်များကြောင့် ငှက်ပျော ကားများ အစစ်အဆေးများပြီး နှောက်နှေးကြန့်ကြာမှုကြောင့် ပို့ကုန်များပျက်စီးကာ အရှူံးပေါ်ခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။

မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်တွင် တစ်သျှူးငှက်ပျောများကို တာလောကြီး၊ မံဝိန်း၊ လော်ဆာ၊ ဝိုင်းမော်၊ ရွှေညောင်ပင် နှင့် ဗန်းမော်-မြစ်ကြီးနားလမ်းတစ်လျှောက်နေရာများတွင် စိုက်ပျိုးလျက်ရှိသည်။

ဝိုင်းမော်တွင် ပြောင်းလဲလာသည့် ငှက်ပျောစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး တာလောကြီးကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ဒီ တာလောကြီးမှာကတော့ အကုန်ထွက်သွားကြပြီ တစ်စိုင်းနှစ်စိုင်းလောက်ပဲ ကျန်တော့တယ်။ မရှိကြတော့ဘူး အလုပ်သမားတွေလည်း ပြန်သွားကြပြီ။ မြေကတော့ ဒီတိုင်းပဲ အဲ့မှာငှက်ပျော မလုပ်တော့ဘူးဆိုတော့ ဒေသခံတွေက ကျွဲကြောင်းနွားကြောင်း အဲ့မှာပဲ လုပ်နေကြတာ”ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကို ၂၀၀၆-၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး ဘိန်းအစားထိုးသီးနှံစိုက်ပျိုး ခြင်းဟူသောခေါင်းစဥ်ဖြင့် စတင်စိုက်ပျိုးခဲ့ရာ မြစ်ကြီးနားခရိုင် နှင့် ဗန်းမော်ခရိုင်ရှိ မြို့နယ်၊ ကျေးရွာများတွင် စိုက်ပျိုးနေပြီး လက်ရှိ စိုက်ပျိုးဧက သောင်းချီရှိနေသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button