တိုက်ပွဲသတင်း

အင်းတော်တွင် စစ်ကောင်စီ ယာဉ်တန်းကို KIA နှင့် PDF တိုက်ခိုက်သဖြင့် စစ်ကောင်စီ တပ်မှ ၆ ဦး သေဆုံး

အင်းတော်မြို့နယ် မော်တိတ်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF တာဝန်ရှိသူများထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မော်တိတ် ဒေသ အင်းတော်-ဗန်းမောက် ကားလမ်းပေါ်တွင် ဖိုးဝီး ကားတစ်စီးနှင့်အတူ ခြေလျှင်တက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“အင်းတော်-ဗန်းမောက်ကားလမ်းမှာ ပတ်နေတာ အဲ့တာကိုကြားဖြတ်တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ် လောက်ဖြစ်တယ်ဗျ ဖိုးဝီးကားပေါ်ကတော့ ၂ယောက်သေတယ်။ အဲထက်လည်း များနိုင်တယ်။ ခြေလျှင် တက်လာတဲ့ ၇၀ လောက်ထဲက လေးယောက်သေတယ်”ဟု ပြောဆိုသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် နှင့် KIA တို့ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလော အင်းတော်မြို့နယ်ထဲတွင် စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်း ဖြန့်ကာ စစ်ရေးလှုပ်ရှားနေပြီး အင်းတော် -ဗန်းမောက် လမ်းပိုင်းတွင်လည်း ဖြတ်သန်းသွားလာနေသည့် ကုန်ကား နှင့် ခရီးသည်တင် ကားသမားများထံမှ ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း သိရသည်။

အင်းတော်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယခင်က စစ်ကြောင်းထိုးစဉ်တွေ့သမျှ လယ်လုပ်၊ ဟင်းရှာနေသည့် အရပ်သားပြည်သူများကို ဖမ်းဆီးကာ အထမ်းသယ်ခိုင်းခြင်း၊ ရှေ့တန်းအတွက် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ကို လုပ်ဆောင်လာသည့်အပြင် ခရီးသည်များထံမှ ငွေကြေးကောက်ခံမှုလည်း လုပ်ဆောင်နေသည်ဟု သိရပါသည်။

Show More

Related Articles

Back to top button