သတင်း

အရာတော်မြို့နယ်တွင် စစ်ကောင်စီ စီးနင်လာသော ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ဇီးပင်လယ်ကျေးရွာကို စစ်ကြောင်းထိုးရန် ဝင်ရောက်လာသည့် စစ်ကောင်စီ ကားနှစ်စီးကို ယမန်နေ့မနက်၅နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များက စလစ်မိုင်း၅လုံး တူမီးရှေ့ထွက်မိုင်း၂လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့်ဒဏ်ရာရရှိသူများရှိနိုင်သည်ဟု Ayadaw Bone Naing PDF မှသိရသည်။

စစ်ကောင်စီ စီးနင်းလာသော ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ဒုတိယမြောက်ကား ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးပြီး ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရှိနိုင်ကြောင်း အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အရာတော် ဒေသကာကွယ်ရေတးပ်ဖွဲ့ Danger Force LPDF ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ရက်စွဲဖြင့် ရေးသားဖော်ပြထားသည်။

တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများနှင့်သေဆုံးသူများကို ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီအဖွဲ့ဝင်များက ဇီးပင်လယ်ကျေးရွာကိုလက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်တစ်လုံးကိုမီးရှို့ခဲ့ပြီး ရွာထဲမှ စျေးဆိုင်များကိုဝင်ရောက်မွှေနှောက်ခဲ့သည်ဟု Ayadaw Bone Naing PDF မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“သူတို့က အရာတော်ဘက်ကနေ ကားနှစ်စီးနဲ့ထွက်လာတာ ဇီးပင်လယ်ရွာအဝင်မှာမိုင်းဆွဲတာ နောက်အစီးကိုထိတယ်။ အသေအပျောက်ကတော့အတိအကျမသိဘူးဗျ။ ဒါမဲ့ နောက်ကနေကားတစ်းထပ်လာပြီးတော့လူတွေတင်သွားတာမြင်ရတယ်လို့ သတင်းပေးကတော့ပြောတယ် ပြီးတော့ဇီးပင်လယ်ရွာအရှေ့ဘက်ခြမ်းကိုဝင်တယ် စျေးဆိုင်သုံးဆိုင်ကိုမွှေတယ် စျေးဆိုင်တစ်ဆိုင်ကဆီပုံးတွေပါသွားတယ် အိမ်နှစ်အိမ်ကိုမွှေတယ် ပြီးတော့အိမ်တစ်လုံးကိုမီးရှို့ထားခဲ့တယ်”
ဟု Ayadaw Bone Naing PDF မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့နောက် ဒေသကာကွယ်ရေးတပ်များက ဇီးပင်လယ်ရွာထဲမှ မီးခိုးများတက်လာသည်ကိုမြင်ရသဖြင့် ရွာကိုဝင်ရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့များပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သူကဆက်ဆိုသည်။

အဆိုပါ ဇီးပင်လယ်ကျေးရွာကို စစ်ကောင်စီဘက်က ၁၅မိနစ်ကျော်ခန့် ဝင်ရောက်ခဲ့ပြီး ရွာခံများသည် စစ်ကြောင်းထိုးဝင်ရောက်လာမည်ကို ကြိုတင်တိမ်းရှောင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ အထိအခိုက်မရှိခဲ့ကြောင်း တာဝန်ရှိသူများပြောဆိုချက်မှသိရသည်။

ဇီးပင်လည်ကျေးရွာသည် အရာတော်မြို့၏တောင်ဘက်တွင်တည်ရှိပြီး ဆိုင်ကယ်ဖြင့်ခရီးနှင်လျှင် ၁၅မိနစ်ခန့်သာ ခရီးအကွာအဝေးရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button