သတင်း

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ဒေသခံများထံမှ အတင်းအကြပ်ငွေကြေးကောက်ခံ

လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ က ပိတ်ထားသော ရွှေမှော်လမ်းများကို ပြန်လည် ဖွင့်လှစ်နေသော်လည်း ဖြတ်သန်းသွားလာသော ပြည်သူများကို ပြည်သူ့စစ်အဖွဲ့က ငွေကြေးကောက်ခံနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်ဘက်ကိုသွားသည့် လမ်း ကြောင်း ၄ ခုကို ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က ပိတ်ဆို့ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့ လမ်းတစ်ချို့ ပြန်လည်ဖွင့်ခဲ့သည်။ သို့သော်လည်း ဖြတ်သန်းသွားလာသောခရီးသည်များထံမှ ဆိုင်ကယ်တစ်စီး ငွေတစ်သောင်းကျပ်နဲ့ လူတစ်ဦးကို ငါးထောင်ကျပ် ကောက်ခံနေသည်ဟု ဒေသခံတစ်ဦး KNG ကို ယခုလိုပြောသည်။

“ဘယ်ဘက်ကဘဲ ပြန်ပြန် ဆိုင်ကယ်တစ်စီး တစ်သောင်းပေးရတယ်။ လူက တစ်ယောက်ကို ၅ ထောင်ကျပ် ကောက်နေတယ်။ အဓိက သူတို့က ဒီလိုလုပ်ချင်လို့ လမ်းတွေပိတ်ထားတယ်။ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနေ့ဖြတ်ရင် ဒီနေ့ပေးရတယ်။ အဝင်အထွက်တိုင်းစီးကို ကောက်နေတာ” ဟု ပြောဆိုသည်။

လက်ရှိ ပြည်သူ့စစ်အဖွဲ့ မှ ပြည်သူများထံ ငွေကြေး ကောက်ခံနေသော နေရာများမှာ စံပြကျေးရွာ ပြည်သူ့စစ်ဂိတ် နှင့် ကိုင်းတော်မှော်ဘက်ခြမ်း စသည့် ၂ နေရာတွင် ကောက်ခံနေပြီး အတင်းအကြပ် ပုံစံဖြင့် ကောက်ခံနေသည်ဟု သူက ပြောသည်။

ဇူလိုင် ၂၅ ရက်နေ့ ပြည်သူတစ်ဦး ဖျားနာမှုကြောင့် ရှဒူးဇွပ်ကျေးရွာသို့ ဆေးခန်းသွားပြရန် ဖြတ်လာစဉ် စံပြ ပြည်သူ့စစ်ဂိတ်တွင် အသွားအပြန် ငွေကြေးကောက်ခံမှုကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည်ဟု ပြည်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။

“ပစ္စည်းလည်း မပါဘူး။ ဖျားလို့ရွာဘက်မှာ ဆေးခန်းသွားပြဖို့ သွားတာ ဂိတ်မှာ အသွားလည်း ငါးထောင်တောင်းတယ်။ အပြန်လည်း ငါးထောင်တောင်းတယ်။ ဖျားလို့ အပေးရင်မရဘူးလားလို့ ပြောရင် မရဘူးတဲ့။ အထက်က အမိန့်နဲ့ကောက်တယ်လို့ ပြောတယ်။ ဒီလိုဆိုတော့လည်း အဆင်မပြေဘူး။ ပြည်သူတွေကို နှိပ်စက်နေတယ်လိုပဲမြင်တယ်”ဟု ပြောသည်။

ရွှေမှော်သွားလမ်းများကို ပြန်လည်ဖွင့်လှစ်ပြီဆိုသော်လည်း ၄ ခုအနက် ၂ ခုကိုသာဖွင့်ထားပြီး ကျန်သည့်နေရာများတွင် မိုင်းထောင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုလို ရှဒူးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့မှ ရွှေမှော်လမ်းများကို ပိတ်ဆို့လိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှဒူးဇွပ်ဒေသအတွင်း KIA ရရှိနေတဲ့ ဝင်ငွေများကို ၎င်းတို့လည်း ထိုနည်းတူ ရရှိနိုင်ရန်နဲ့ နယ်မြေစိုးမိုးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများ သုံးသပ်သည်။

ရှဒူးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ကြား စစ်ရေးတင်းမာမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဇူလိုင်လ ၁၈ ရက်နေ့ KIA တပ်စခန်းတစ်ခုကို ပြည်သူ့စစ်အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button