တိုက်ပွဲသတင်း

ချောင်းဦးမြို့တွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရကာ ၂၂ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့ ငါးယှန်ကျေးရွာအရှေ့ဘက်အရောက်တွင် ဒေသကာကွယ်ရေးတပ်များ မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် မှ ၂၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ယမန်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် Farmer Revolution Force (CHU) နှင့် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA-စစ်ကိုင်းခရိုင်တပ်ရင်း ၅) စသည့် ဒေသကာကွယ်ရေးတပ်များမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မုံရွာ နမခ ခွေးခြံကနေ ခွေးကားတွေက ၂၂စီး ထွက်လာတယ်။ ပြီးတော့ ချောင်းဦးမြို့ဘောလုံးကွင်းမှာ ခွေး အပြောင်းအလဲလုပ်ပြီး မြင်းမူဘက်ကို ၁၆ စီး ထွက်လာတာ အင်းအား ၅၀ လောက်ပါတဲ့ Jamper ကားကြီး ပထမဆုံးကားကို အပြင်းစား မိုင်း၂လုံးနဲ့ ဆွဲလိုက်တာ ၂၂ကောင်ကျတယ်။ ဒဏ်ရာလည်းအတော်များတယ်။ ဒီပွဲကတော့ ကင်းပုန်းတွေအများကြီး ကြားကနေ ခက်ခက်ခဲခဲလုပ်ခဲ့ရတဲ့ပွဲပါ” ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့နောက် စစ်ကောင်စီဘက်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ကျဆုံးမှုစာရင်း နှင့် ဒဏ်ရာရမူအခြေအနေကို ဘေးပတ်ဝန်းကျင် ပြည်သူများထံမှ အတည်ပြုနိုင်ခဲ့သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့ဘက်က အကျအဆုံးကို ဘေးနားက မျက်မြင်ပြည်သူတွေ သတင်းပေးပို့ချက်အရသိခဲ့ရတယ်။ ပြီးတော့ ကားက မိုင်းဆွဲခံရပြီး တော်တော်လှမ်းလှမ်းမှာ ရပ်ပြီးအလောင်းတွေဘာတွေကောက်သယ်သွားတယ်။ ကားက တော်တော် ပျက်စီးသွားပေမဲ့ မောင်းလို့ရတဲ့အနေအထားလောက်ရှိသေးတယ်” ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရသည့် လမ်းသည် မုံရွာ-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်ဖြစ်ပြီး စစ်ကောင်စီဘက် စစ်အင်းအားဖြည့်တင်းရန် အဓိက အသုံးပြုနေသော လမ်းကြောင်းတစ်ခုဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button