Fact Checkသတင်း

KIA လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည် ဆိုသော သတင်းအမှား ထပ်မံ ပျံနှံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ အသက် ၃ နှစ် အရွယ် ကလေး သေဆုံးမှုမှာ KIA လက်နက်ကြီးကြောင့်ဖြစ်သည်ဆိုသော သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံနှံနေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို ‘အမွေစိန်’ ဟူသော Telegram တွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က စတင်ဖော်ပြထားပြီးနောက် “တပင်ရွှေထီး” နှင့် “ယိမ်းနွဲ့ပါး” ဆိုသော ဖေ့စ်ဘုတ်အကောင့်များတွင်လည်း မိနစ်ပိုင်းသာခြားပြီး ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး မန်နောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သော်လည်း KIA ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသခံများ ပြောဆိုခြင်း မရှိသည်ကို ဒေသတွင်း သတင်းမီဒီယာများမှ တဆင့် တွေ့ရှိနိုင်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် “Shwe Phee Myay News Agency” သတင်းစာမျက်နှာတွင် “ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာအတွင်း စစ်ကောင်စီနဲ့ ကချင်တပ်မတော် (KIA)တို့ တိုက်ပွဲကြား ဦးခေါင်းမှာ လက်နက်ကျည် ထိမှန်ခဲ့တဲ့ ကလေးငယ်ဟာ သေဆုံးသွားခဲ့ရသည်” ဟုသာ ရေးသားဖော်ပြထားပြီး KIA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် (၃)နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရသည်ဟူ၍ ရေးသား ဖော်ပြထားခြင်းမရှိပါ။

အဆိုပါ သတင်းကိုပင် Kachin News Group နှင့် Kachinwave အပြင် အခြားသတင်းမီဒီယာများတွင် ဖော်ပြထားပြီး KIA က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးကြောင်း ဖော်ပြထားခြင်းမရှိပါ။

ထို့ကြောင့် KIA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်ဆိုသော ဖော်ပြချက်သည် သတင်းအမှားတစ်ခုသာဖြစ်ပြီး စစ်ကောင်စီ ထောက်ခံသူများ၏ ဝါဒဖြန့်မှုတစ်ခုသာဖြစ်သည်ကို တွေ့ရသည်။

လက်ရှိကာလတွင် စစ်ကောင်စီ ထောက်ခံသူများသည် အထူးသဖြင့် NUG၊ CRPH နှင့် စစ်ကောင်စီကို တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သတင်းအမှားများဖြင့် တိုက်ခိုက်နေသည်ကို လူမှုစာမျက်နှာ အနှံတွင် နေ့စဉ် မြင်တွေ့နေရပါသည်။

သို့ဖြစ်ပါ၍ စာဖတ်ပရိသတ်များအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ဒေသအလိုက် သတင်းမီဒီယာများ၏ ဖော်ပြမှုတွင် ပါရှိသောအချက်အလက်များနှင့် မှန် မမှန် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button