တိုက်ပွဲသတင်း

ထီးချိုင့်ဘက်မှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ဘက်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်မြို့နယ်အစပ်တွင် KIA နှင့် PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက် ထိခိုက်မှုများပြီး ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။

ဇူလိုင် ၂၆ရက်နေ့ ထီးချိုင့်မှအင်းတော်နယ်သို့ စစ်အင်အား ၇၀ကျော်ခန့်အပါ ခြေလျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နှင့် ထီးချိုင့်ပြည်သူ့ကာ ကွယ်ရေးတပ် ၊ဒေသကာကွယ်ရေးအဖွဲ့များက ထီးချိုင့်နှင့်အင်းတော် နယ်စပ်ကြား တောတစ်နေရာတွင် နေ့လယ် ၁ နာရီခွဲအချိန်ခန့်ဝန်းကျင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့​ကြောင်း ထီးချိုင့် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို​ပြောသည်။

“သူတို့က အင်းတော်ကျောင်းကုန်းလမ်း ဘက်ကိုခြေလျင်နဲ့တက်လာတာ အဲ့တာကို သတင်းရလို့စောင့်ကြိုပြီးတိုက်ခိုက်ခဲ့တယ်။ အဲ့နေရာမှာ အပြန်အလှန်ပစ်ခတ်ကြတာတစ်နာရီလောက်ကြာတယ်။ သူတို့ဘက်ကတော့လက်နက်ကြီးတွေကောရမ်းသမ်းပစ်တယ်။ စစ်ကောင်စီဘက်က ငါးယောက်လောက်ကျတာတော့မြင်ခဲ့ရတယ်။ အဲ့ထက်လည်းများနိုင်တယ်။ ပြီးရင် ဒဏ်ရာရလည်း ဆယ်ယောက်လောက်ရှိတယ် မိုင်းထိတာကောပေါ့”ဟုပြောဆိုသည်။

စစ်ကောင်စီဘက်မှ တိုက်ပွဲတွင် ကျဆုံးသွားသည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို တိုက်ပွဲဖြစ်ပွားခဲ့သော အနီးတစ်ဝိုက်တောတွင်းမြှပ်နှံသွားပြီး ယင်းစစ်ကြောင်းလည်း ဒဏ်ရာရရှိသူများကို အင်းတော်ဘက်သို့ ဆက်မတက်ဘဲ ထီးချိုင့်ဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်ခံရသော စစ်ကောင်စီ စစ်ကြောင်းသည် အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အား ဖြည့်တင်းရန် တက်လာသည့် အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်အတွင်း လတ်တလော စစ်ကြောင်း ၃ခုဖြင့် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေကြောင်းသိရသည်။

Show More

Related Articles

Back to top button