သတင်း

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် အသက် ၃၀ ကျော်အမျိုးသားနှစ်ဦး သေဆုံး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မိုးကားကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂ဦး မြေစာပုံပြိုကျပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

ဇူလိုင် ၂၇ ရက် ယမနေ့ နံနက် ၉ နာရီ အချိန်တွင် ဆိပ်မူကျေးရွာ၏ အနောက်ဘက် မိုးကားကျေးရွာနဲ့ဆိပ်မူကျေးရွာကြားတွင် အမျိုးသားသုံးဦးရေမဆေးကျောက်တူးနေစဉ် အမြင့်ပေ ၂၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျလာခဲ့ရာ ၂ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“အဲ့နေရာမှာ ၃ယောက်တူးနေတာ။ သူတို့ရဲ့ခေါင်းပေါ်ကနေ မြေစာပုံက ရုတ်တရက်ကြီးပြိုကျလာတော့ တစ်ယောက်ကတော့ပြေးလွတ်တယ်။ ၂ယောက်ကပြေးမလွတ်ဘူး အောက်ကရေကန် ထဲပါသွားတာ အလောင်းက မနေ့ကပဲရှာတွေ့တယ် သံချိတ်နဲ့ချိတ်ပြီးဆွဲယူလိုက်ကြတာ ဒီနေ့သဂြိုလ်လိုက်ပြီ”ဟုပြောဆိုသည်။

သေဆုံးသွားသည့် အမျိုးသားနှစ်ဦးအနက်တစ်ဦးမှာ မြစ်ကြီးနား တပ်ကုန်းရပ်ကွက် ထွယ်ဆန်နယ်မြေတွင် နေထိုင်သူ အသက် ၃၃နှစ်အရွယ် ဦးဒီးတန် နှင့် ဆိုင်းတောင်ကျေးရွာမှ အသက် ၃၀နှစ်အရွယ် ကိုနောနော်တို့ဖြစ်ကြသည်။

အဆိုပါ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)၊ သင်္ခါလူမှုကူညီရေးအသင်း (ဆိပ်မူ) အသင်းနဲ့ဒေသခံများဝိုင်းဝန်းကူ ညီ ရှာဖွေထုတ်ယူခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် ယခုနှစ်အတွင်းမြေစာပုံပိ၍ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိပြီ ဖြစ်ကြောင်းသိရပြီး ဖားကန့်ကျောက်စိမ်း မှော်ဒေသတွင် မိုးရာသီကာလ၌ နှစ်စဥ်မြေပြိုမှုကြောင်း သေဆုံးသူ ဆယ်ဂဏန်းမှာ ရာဂဏန်းအထိရှိသည်။

Show More

Related Articles

Back to top button