သတင်း

ရေခါးကျေးရွာမှ ၁၁နှစ်အရွယ် ကလေးငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာတွင် စစ်ကြောင်းထို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အသက် ၁၁နှစ်အရွယ်ရှိ ကလေး ငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။

ယနေ့ နံနက် ၈နာရီဝန်းကျင် စစ်အင်အား ၂၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့မှ ရေခါးကျေးရွာအနောက်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာတွင် ရေခါးကျေးရွာမှ ဆိတ်ကျောင်းနေသည့် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ် တပ်သားတစ်ဦး KNG ကိုပြောပါသည်။

“ဆိတ်ကျောင်း‌နေတဲ့ ကလေးနှစ်ယောက်ကတော့ဓားစာခံဖမ်းခံရတယ်ပြောတယ်။ ဒါမဲ့သူတို့စစ်ကြောင်းနဲ့ပဲပါသွားတာလား။ မီးထဲပဲထည့်သွားခဲ့တာလား။ ကျနော်တို့ကလည်း ရှို့ခံရတဲ့အိမ်တွေကများတော့ အကုန်မကြည့်နိုင်သေးဘူး။ မီးမကူးအောင်ပဲတားနေရတာ”ဟုပြောဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ကလေးငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ရေခါးကျေးရွာမှ လူနေအိမ်များ ၁၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးသွားသည်ဟု သူကဆက်ဆိုသည်။

ထို့အပြင် အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်နေ့ ညပိုင်းတွင် ရေခါးကျေးရွာ နှင့် ၅မိုင်ခန့်အကွာတွင် တည်ရှိသော ရေမိန်တောင်ကျေးရွာကို ဝင်ရောက်တပ်စွဲကာ အပြစ်မဲ့ပြည်သူ ၅ဦးကိုလည်း သတ်ဖြတ်ထားခဲ့သည်ဟု ဆားလင်းကြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြောဆိုထားသည်။

ရေခါးကျေးရွာသည် အိမ်ခြေ ၃၀၀ခန့်ရှိနေသည့် ကျေးရွာတစ်ခုဖြစ်ပြီး ဆားလင်းကြီးမြို့၏မြောက်ဘက်တွင်တည်ရှိကာ ဆိုင်ကယ်ဖြင့် ၄မိနစ်ခန့်သာခရီးရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button