တိုက်ပွဲသတင်း

KTV အတွင်း ပျော်ပါးသောက်စားနေသည့် စစ်ကောင်စီတပ်သား ၂ဦးပစ်ခတ်ခံရ

အင်းတော်မြို့နယ်တွင် ကားသမားများထံမှ ငွေညစ်၍ KTV ၌ အရပ်ဝတ်များဖြင့် သောက်စားနေသည့် စစ်ကောင်စီတပ်သား ၂ဦးကို KIA နှင့် PDF အဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးကို ဖမ်းဆီးရမိကြောင်း အင်းတော် PDF အဖွဲ့ထံမှသိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် ပင့်တင်ကျေးရွာတွင်ရှိသော မိဘမေတ္တာ KTV ဆိုင်တွင် စစ်ကောင်စီ တပ်သား ၂ဦးဖြစ်သည့် တပ်ကြပ် ကျော်သူရနှင့် တပ်သားချမ်းအေး တို့ကို KIA နှင့် PDF အဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် တပ်သားဖြစ်သူကို အရှင်ဖမ်းမိခဲ့ရပြီး တပ်ကြပ်ဖြစ်သူမှာ ထိုနေရာတွင် ကျည်ထိမှန်သေဆုံးသွားသည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကို ယခုလိုပြောဆိုသည်။

“သူတို့က ကားသမားတွေဆီကပိုက်ဆံတောင်းလိုက် စားလိုက်သောက်လိုက်လုပ်နေတာ။ ကျနော်တို့က သတင်းရတာကြာပြီ။ မနေ့ကတော့ KTV အထိလိုက်သွားပြီး သွားပစ်ခဲ့တယ်။ ကျနော်တို့ဝင်ပစ်တဲ့အချိန် KTV နောက်ဖေးဘက်ထွက်ပြေးတယ်။ အဲ့မှာတစ်ယောက်ကတော့ ပွဲချင်းပြီး ထိသွားတယ်။ တစ်ယောက်ကတော့ ဖမ်းမိလာတယ်”ဟုပြောဆိုသည်။

အရှင်ဖမ်းမိလာသည့် တပ်သားကို စစ်သုံ့ပန် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူကဆက်ဆိုထားသည်။

အဆိုပါ ပင့်တင်ကျေးရွာတွင်ရှိသော မိဘမေတ္တာ KTV ဆိုင်သည်လည်း စစ်ကောင်စီအဖွဲ့ အဝင်အထွက်ရှိသော ဆိုင်ဖြစ်ကြောင်းလည်း သိရသည်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း မော်လူးမှ အင်းတော်ဘက်သို့ တွဲကားဖြင့် ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIAနဲ့ PDF တို့က မော်လူးအင်းတော်ကြား လမ်းခုလတ်တွင်ကြားဖြတ်တိုက်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်ကိုစုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

ယင်းတွဲကားဖြင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည် အထိအခိုက်ရှိသောကြောင့် ကားကိုနောက်ပြန်လှည့်ခိုင်းပြီး စစ်သားများခြေလျင် ဖြင့်သာ အင်းတော်ဘက်သို့ဆက်စစ်ကြောင်းထိုးသွားကြောင်းသိရသည်။

Show More

Related Articles

Back to top button