တိုက်ပွဲသတင်း

ကွတ်ခိုင် နမ်ဖလွန်အနီး စစ်ကောင်စီ နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းမြောက် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ နမ်ဖလွန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့လည်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ကွက်ခိုင်မြို့အထက် ၃ မိုင်ခန့်အကွာ ဖာခတ်ကျေးရွာ နှင့် နမ်ဖလွန်ကျေးရွာကြားတွင် နမ်ဖတ်ကာဘက် မှ ဆင်းလာသည့် စစ်ကောင်စီ အင်အား ၂၀၀ ခန့် စစ်ကြောင်း နှင့် KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“မနေ့က ကတည်းက နမ်ဖလွန်ရွာတစ်ဝိုက် စစ်အင်အား ၂၀၀ လောက်ရှိတယ်။ သူတို့နဲ့ အခု တိုက်ပွဲဖြစ်နေတာ။ စစ်တပ်ဘက်က ရမ်းတမ်းပစ်ခတ်တာ ပိုများနေတယ်။ အခုနမ်ဖတ်ကာဘက်ကနေ စစ်အင်အားတွေလည်း ထပ်ဖြည့်နေတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်နေတုန်းပဲ။ မိုးကရွာ ခရီးသွားကားတွေလည်း ပိတ်လို့” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသော နေရာဘက်သို့ စစ်ကောင်စီ နမ်ဖတ်ကာ တပ်မ စခန်း နှင့် ကွတ်ခိုင်ဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။

ထိုနေရာအနီးတစ်ဝိုက်တွင်ပင် ယမန်နေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြေင့် နမ်ဖလွန်ကျေးရွာရှိ ၉ နှစ်အရွယ် ကလေးတစ်ဦး လက်နက်ကြီး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ်အွမ်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းသွားရာ လမ်းကြောင်းတိုင်းကို အရပ် ၃ မျက်နှာမှ လက်နက်ကြီးများကြိုတင် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်သောကြောင့် ဒေသခံများ ထိခိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

ကွတ်ခိုင်နှင့် နမ်ဖတ်ကာ ကြားတွင် စစ်တပ်နှင့် KIA တိုက်ပွဲပြင်းထန်နေသည်မှာ ၂ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button