ဆယ်ဇင်းဘက် ပြန်သည့် PDF ၄ ဦး ဟိုပင်တွင် ဖမ်းခံရပြီး လက်နက်ခဲယမ်းအချို့ ပါသွား
ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်စခန်းကို KIA နှင့် PDF တို့မှ လာရောက်ပစ်ခတ်တိုက်ခိုက်ရာတွင် PDF အဖွဲ့မှ ၇ ဦး ကျဆုံးခဲ့သည်ဆိုသော သတင်းအမှားတစ်ခုကို Telegram အကောင့်များတွင် ပြန်လည် ရေးသားဖြန့်ဝေနေ ကြသည်။
ဒီသတင်းအမှားကို ဇူလိုင်လ ၂၈ ရက် နေ့လည် ၁၂ ခန့်အချိန်မှ စတင်ပြီး “Kyaw Swar” Telegram အကောင့်မှ တဆင့် “မှိုင်းဝေ” နှင့် “Ko Thet’s News” Telegram အကောင့်များတွင် ဖော်ပြထားသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး “ပြည်သူ့စစ်စခန်းအတွင်းမှာ အလောင်းက ၆ လောင်းတွေ့ရတယ်။ မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိမယ်။ အဲ့ဒဏ် ရာရတဲ့ သူတွေကိုလည်း ဒီမနက် အစောကြီး မြစ်ကြီးနားစစ်ဆေးရုံဘက်ကို ပို့လိုက်ပြီး။” ဟု ရှေ့တန်း KIA တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို တိုက်ပွဲအပြီး မနက်ပိုင်းတွင် ပြောထားသည်။
ပြည်သူ့စစ်ဘက် သေဆုံးသူ ၆ ဦးအနက် ၂ ဦးမှာ လီဆူလူမျိုးဖြစ်ကြပြီး ကျန် ၄ ဦးမှာ စစ်ကောင်စီ တပ်သားများ ဖြစ်ကြသည်။
တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှလည်း ၂ ဦး သေဆုံးပြီး ၁ ဦး၏ အလောင်းနှင့် လက်နက်အချို့ကို စစ်ကောင်စီဘက်မှ ရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီဘက်မှ ထိုဓါတ်ပုံဖြင့် KIA နှင့် PDF ဘက်မှ ၇ ဦး ကျဆုံးကြောင်း သတင်းအမှားများကို လူမှုစာမျက်နှာများတွင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။
ထို့ကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်စခန်းကို KIA နှင့် PDF တို့မှ လာရောက်တိုက်ခိုက်ချိန် PDF အဖွဲ့မှ (၇) ဦး ကျဆုံးခဲ့သည်ဆိုသော ဖော်ပြချက်မှာ သတင်းအမှားသာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စာဖတ်ပရိသတ်များအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ဒေသအလိုက် သတင်းမီဒီယာများ၏ ဖော်ပြမှုတွင် ပါရှိသောအချက်အလက်များနှင့် မှန် မမှန် စစ်ဆေးကာ ယုံကြည်သင့်သည်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံသော လူတစ်စုသည် သတင်းအဖြစ်အပျက်များကို ပရိသတ်ဝေးသွားစေမည့် အချက်အလက်အမှားများဖြင့် အမှန်တကယ်ဖြစ်ခဲ့သယောင် ဖြန့်ဝေလေ့ရှိတတ်သဖြင့် အထူးသတိပြုသင့်ပါသည်။