တိုက်ပွဲသတင်း

မူဆယ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ အမှတ် (၁) စျေးလမ်းဆုံ နာရီစင်အနီးတွင် ယနေ့ နံနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်ခန့်က ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ခုလေးတင် ပြည်သူ့စစ် ၂ ယောက် ပြန်ထိသွားတယ်။ လူငယ် ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး ကားရပ်ထားတဲ့ နေရာကို သေနတ်နဲ့ ဝင်ပစ်သွားတာ။ ဖြစ်သွားတာက အော်စကာ ဖုန်းဆိုင်နားမှာ ဟုတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မူဆယ်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ထို နာရီစင်အနီးရှိ ရဲကင်းတွင် ယမန်နေ့ နေ့လည်ပိုင်းကလည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲ တစ်ဦး အပါအဝင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား ပြည်သူ ၃ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသူလည်းရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ တစ်ရက်အတွင်း ည ၉ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့မရဲစခန်း ထပ်မံ ပစ်ခတ်ခံရသဖြင့် ရဲဝန်ထမ်းအမျိုးသမီးတစ်ဦး နှင့် ရဲဝန်ထမ်းအမျိုးသား ၂ ဦး ကျည်ထိမှန်ထားသည်ဟု မူဆယ်ဒေသခံတစ်ဦးကပြောဆိုသည်။

“မနေ့ ၃နေရာလောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံတွေက ၈နာရီကနေ ၁၀ ဝန်းကျင်အထိ ကြားရတယ်။ ရဲစခန်းမှာက ၉နာရီလောက်မှာဖြစ်သွားတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ဒါပေမယ့် ရဲ ၃ ယောက်ကတော့ ထိတယ်လို့ သိရတယ်”ဟုပြောဆိုသည်။

ယမန်နေ့ညတွင် မူဆယ်မြို့မ ရဲစခန်းအပြင် ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့မ ရဲစခန်းရှေ့၊ သိန်းသန်းချီမီးပွိုင့်၊ အ.ထ.က ၂ ကျောင်းအနီး၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် ၆ လမ်း၊ ကောင်းမှုတုံရပ်ကွက်၊ TOP ONE KTV ဆိုင်အနီး၊ ဖူလီလိုက်လမ်းဆုံတို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲစခန်းအနီးတွင် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

မူဆယ်တွင် ၂ ရက်ဆက်တိုက် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ပြည်သူ့စစ်အဖွဲ့အပါဝင် ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၈ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း မူဆယ်မြို့တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

မူဆယ်ဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ‌ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ပိုမိုဖြစ်ပွားလာပြီး လောင်းကစားဝိုင်း အသေးများအပါအဝင် နိုင်ငံတကာအဆင့်မီ လောင်းကစားဝိုင်း ရာချီ ရှိနေပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ပိုမိုပေါ်များလာကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button