တိုက်ပွဲသတင်း

စစ်ကောင်စီတပ် မိုးတားလေး ကျေးရွာအနီး တိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး

ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီ သင်္ဘောကို လုံခြုံရေးပေးရန် ခြေလျှင်ဆင်းလာသည့် စစ်ကြောင်းကို မိုးတားလေးကျေးရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ် ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဆင်ကုန်ကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၈၀ ပါသည့် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်းသည် ယမန်နေ့က မန္တလေးမှတက်လာသည့် စစ်သင်္ဘော ၆ စီးကို လုံခြုံရေးပေးရန် ဆင်းလာစဥ် မိုးတားလေးကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“သူတို့က ဆင်ကုန်ကနေ မိုးတားဘက်ကို ထွက်လာတာ အဲ့ထွက်လာတဲ့ဟာကို ဒီဖက်က EAOs၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဒီဘက်ကနေ စောင့်နေလိုက်တာ။ အဲ့တာကို မိုးတာကိုဝင်ခါနီးမှာ တိုက်ပွဲ ဖြစ်တာပဲ”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိနစ် ၄၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် စစ်ကောင်စီဘက်မှ ၄ ယောက်ခန့်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာ ရခဲ့သည်ဟု သူက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဗန်းမော်ဘက်သို့ စစ်အင်အားနဲ့ စားနပ်ရိက္ခာများအပြည့်တင်လာသည့် သင်္ဘော ၆ စီးကို လုံခြုံရေးပေးရန် ဆင်းလာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်ခံရမှုအပြီး မိုးတာဘက်သို့ဆက်လက်ချီတက်သွားကြောင်း သိရသည်။

“ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်တာမရှိပါဘူး။ အဲ့မန္တလေးဘက်က တက်လာတဲ့စစ်သဘောတွေလည်း ဒီမနက် ငါးနာရီလောက်မှာတော့ ကျောက်မြောင်းမြို့နယ်ထဲကိုရောက်နေပြီလို့သိရတယ်။ ဗန်းမော်ဘက်ကို ဆက်တက်နေတယ်”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းပိုင်း မတိုင်မှီက ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် စားနပ်ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီ မြစ်ကြောင်းကို အသုံးပြု၍ တင်ပို့လျက်ရှိပြီး ယခုနှစ်အတွင်း မကြာခဏတိုက်ခိုက်ခံရပြီးနောက် ရေကြောင်းအသုံးပြုမှု လျော့နည်းလာကြောင်း သိရသည်။

Show More

Related Articles

Back to top button