တိုက်ပွဲသတင်း

ဆယ်ဇင်းတွင် စစ်ကောင်စီတပ် နှင့် ရှမ်းနီတပ် ထိခိုက်သေဆုံးမှု များပြား၊ KIA ဘက်မှ ကား ၂ စီးအပြည့် လက်နက်များ သိမ်းယူနိုင်ခဲ့

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ ဩဂုတ်လ ၈ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် နှင့် ရှမ်းနီ SNA တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ပစ္စည်းအများအပြားကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦး ထံမှ သိရသည်။

ဆယ်ဇင်းအနီး ဆယ်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု နှင့် ရွှေပြည်မြင့်ရွာ ဘုန်းကြီးကျောင်းအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် SNA စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ နှင့် PDF များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်း KIA နှင့် နီးစပ်သူ တစ်ဦးက KNG ကို အတည်ပြု ပြောဆိုသည်။

“စစ်ကောင်စီ စစ်သားတွေရဲ့ တပ်စခန်းတွေက အကုန်းလုံး ရှင်းလင်းလိုက်ပြီ။ အဲ့မှာ ကျနော်တို့နဲ့ အရမ်းနီးတဲ့ ရှမ်းနီ တပ်စခန်းတစ်ခုလည်း သွားသိမ်းနိုင်ခဲ့တယ်။ ရှမ်းနီဘက်က ၁၀ ယောက်သေတယ်။ ဗမာစစ်သားတွေဘက်ကလည်း သေဆုံးတာရှိတယ်။ သေချာတော့ မသိနိုင်ဘူး။ အားလုံး အယောက် ၂၀ ယောက်ရှိနိုင်တယ်”ဟု ပြောဆိုသည်။

တိုက်ပွဲအပြီး စစ်ကောင်စီ တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်စ္စည်းများကို Pajero ကား ၂ စီးအပြည့် သိမ်းယူနိုင်ပြီး ရှမ်းနီ တပ်စခန်းမှ M 23 တစ်လက်၊ AK သေနတ် ၃ လက်၊ M 16 တစ်လက်နှင့် ကျည်အတောင့် တစ်ထောင်ကျော် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆယ်ဇင်းကျေးရွာတွင်ရှိသော စစ်ကောင်စီ လက်အောက် ရဲစခန်းကို ယနေ့ နေ့လယ်ခန့်မှစတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်နေပြီဟု သိရသည်။

ယမန်နေ့ တိုက်ပွဲတွင် ရှမ်းနီတပ်စခန်းရှိသည့် ရွှေပြည်မြင့် ကျေးရွာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆယ်ဇင်းရပ်ကွက် ၅ တွင် နေထိုင်သော မုန့်ရောင်းသူ မသင်းသင်း၏ အမျိုးသားဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုတရုတ်ကြီး လက်နက်ကြီး ထိမှန် သေဆုံးသွားကြောင်းသိရသည်။

လက်ရှိ ဆယ်ဇင်းဒေသတိုက်ပွဲနှင့် ပတ်သက်ပြီး ဆယ်ဇင်း ဒေသခံတစ်ဦးက ယခုလို သုံးသပ် ပြောဆိုသည်။

“တိုက်ပွဲဖြစ်လာရတဲ့ အကြောင်းအရင်းက ရှမ်းနီအဖွဲ့တွေ ရွာထဲအထိ ရောက်လာတဲ့အတွက် KIA က တိုက်ရန် စောင့်ကြည့်နေတာကြာပြီ။ အဲ့ဒါကို ဇူလိုင်လမှာ တာမခန်ဘက်မှ စစ်ကြောင်း ဆင်းလာတဲ့ ဗမာစစ်သားတွေကို KIA က အရင်တိုက်ခိုက်ခဲ့တာ အဲ့ကတည်းကနေ အခုချိန်အထိ သူတို့ကြားမှာ စစ်ရေးတင်းမာနေကြတာ ဟုတ်တယ်။ ပြီးခဲ့တဲ့ လမှာလည်း ဖြစ်ခဲ့တယ်”ဟု ဆိုသည်။

ဆယ်ဇင်းဒေသတွင် ပြီးခဲ့သော ဇူလိုင်လ မှ စတင်ကာ စစ်ကောင်စီတပ် နဲ့အတူ ရှမ်းနီတပ်များနှင့် KIA တို့ကြား တိုက်ပွဲ ၁၀ ရက်ခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button