ဆယ်ဇင်းတွင် KIA မှ ပြန်လည် တိုက်ခိုက်လာပါက ကျေးရွာအတွင်း ပိတ်ဆို့ခံထားရသည့် အရပ်သားပြည်သူများကို သတ်ဖြတ်လိုက်မည်ဟု စစ်ကောင်စီတပ် နှင့် ရှမ်းနီတပ်တို့ ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးထံမှ သိရသည်။
လက်ရှိ ဆယ်ဇင်း ဘုန်းကြီးကျောင်းဝင်းတွင် အရပ်သားပြည်သူ ၁၀၀ ကျော်ခန့် ပုန်းခိုနေပြီး အပြင်သို့ ထွက်လာသူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု ဆယ်ဇင်း ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။
“ရွာသားတွေကအခု ရွာဘုန်းကြီးကျောင်းမှာ ပုန်းခိုနေကြတယ်။ အပြင်မထွက်ခိုင်းဘူး ထွက်လာတာနဲ့ ပစ်သတ်တယ်။ ခဏတုန်းက နေ့လည်ပိုင်းမှာ အရပ်သားတစ်ယောက် သူ့ကလေး ကျန်ထားတယ်လို့ ပြောပြီး အထဲက ထွက်လာတာ ခေါင်းဖြတ်ပေးလိုက်တယ်။ ရွားသားတွေက အထဲမှာ ငတ်ပြတ်နေကြတယ်“ဟု ပြောဆိုသည်။
စစ်ကောင်းတပ် နှင့် ရှမ်းနီအဖွဲ့ ယနေ့ မွန်းလွှဲ ၂နာရီဝန်ကျင်အထိ ဆယ်ဇင်းကျေးရွာအတွင်းရှိသော လူနေအိမ်များ တစ်ခုမကျန် မီးရှို့ဖျက်ဆီးပေးလိုက်ပြီး KIA ထပ်မံ လာရောက်ပစ်ခတ်ပါက ‘ပြည်သူများကို တစ်ယောက်မကျန် သတ်ဖြတ်လိုက်မည်’ ဟု ခြိမ်းခြောက်ပြောဆိုထားသည်ဟု သူကဆက်ဆိုသည်။
ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့သည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည့် ကား၊ ဆိုင်ကယ်၊ သုံးဘီကားများ တစ်ခုမကျန် စစ်ကိုင်းနယ်စပ်ဘက်သို့ သိမ်းယူသွားကြောင်း သိရသည်။
စစ်ကောင်စီအဖွဲ့သည် ယမန်နေ့ည ၈ နာရီဝန်ကျင်မှစပြီး ယနေ့ နေလည်ပိုင်းအထိ ဆယ်ဇင်းကျေးရွာရှိ လူနေအိမ်တစ်ခုမကျန် မီးရှို့ဖျက်ဆီးလိုက်ပြီး ကျေးရွာအတွင်း ရဲစခန်း၊ စာသင်ကျောင်းနှင့် ဘုန်းကြီးတို့သာ ကျန်ရှိနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။
ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် နေအိမ်မှထွက်လာသူများကို ပစ်ခတ်မှုကြောင့် သေဆုံးသော အရပ်သားပြည်သူ ၃၀ ကျော်ထက်မနည်း ရှိနိုင်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဆယ်ဇင်းကျေးရွာကို ယမန်နေ့ ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၉ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ပြီး ည ၇ နာရီဝန်းကျင်အထိ ၂ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်နှင့် ရှမ်းနီပူးပေါင်းတပ်တို့ ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးမှုများနှင့် အရပ်သားပြည်သူ သတ်ဖြတ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။