သတင်း

ဗန်းမော် ၃မိုင်တွင် အမျိုးသား ၁ ဦးပစ်သတ်ခံရ

ဗန်းမော်မြို့အထွက် ၃ မိုင်နားရှိ မေတ္တာကိုယ်ပိုင်ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ အမျိုးသား ၁ ဦးကို သေနတ်ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။

ယနေ့ မွန်းလွှဲ ၃နာရီဝန်းကျင် ဗန်းမော်မြို့မှ အိမ်စီးကားတစ်စီးဖြင့် ဖြတ်ကျော်လာသည့် အမျိုးသား ၁ ဦးအား စစ်ကောင်စီတပ်များမှ စစ်ဆေးရန်အတွက် တားမြစ်စဉ် ရပ်ပေးခြင်းမရှိဘဲ မောင်းထွက်သွားသဖြင့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဗန်းမော်ဒေသခံတစ်ဦး KNG ကိုပြောသည်။

“စစ်ဆေးဖို့ တားတာကို မရပ်ပေးလို့ ပစ်သတ်တဲ့ အဲနေရာမှာဘဲ ပွဲချင်းသေတယ်လို့ သိရတယ်”ဟုပြောဆိုသည်။

ပစ်သတ်ခံရသူ၏ ရုပ်အလောင်းသည် စစ်ကောင်စီတပ်လက်ထဲ၌သာ ရှိနေသေးသည့်အတွက် လက်ရှိချိန်ထိ မည်မည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဗန်းမော်မြို့တွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်၏ စုပေါင်းရုံးအပါအဝင် နေရာ ၃ခု၌ မိုင်းခွဲခံရပြီးနောက် မြို့အဝင်အထွက် စစ်ဆေးရေးတင်းကြပ်ထားရာမှ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိ မြို့တွင်း လိုက်လံဖမ်းဆီးမူများလည်းရှိနေပြီး ဒေသခံလူငယ် ၁ ဦးလည်း ဖမ်းခံထားရသည်ဟု သိရသည်။

သို့သော် အဆိုပါ လူငယ်ဖမ်းခံရမူနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button