သတင်း

ရွှေကူတွင် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ် မှ သိရသည်။

စစ်အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ကျောက်ကြီးရွာမှ ကျောက်တလုံးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာစဉ် KIA မှ မိုင်းသုံးလုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

“မနေ့က ရွာမှာညအိပ်ပြီး မနက်အစောကြီး သူတို့ပြန်ထွက်ချိန် ရွာဦးလောက်မှာ မိုင်းကွဲသံကြားရတာပဲ စကစဘက်က ၅ ယောက်လောက်သေတယ်ကြားတယ်” ဟု ဒေသတွင်း နီးစပ်သူထံမှ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ပေါင်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ကျောက်ကြီးရွာမှ ထွက်ခွာသွားခြင်းမရှိသေးပဲ သေဆုံးသူအလောင်းများအား ကျေးရွာ၌ မီးသဂြိုလ်ခဲ့ပြီး ပေါင်ပြတ်ဒဏ်ရာရသူအား ရွှေကူသို့ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိတွင် ယင်းစစ်ကောင်စီတပ်မှ ဒေသခံ ၃၀ ဦးခန့် ဖမ်းဆီးထားပြီး ကျန်ဒေသခံများ‌မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

Show More

Related Articles

Back to top button