တိုက်ပွဲသတင်း

စံပြ ပြည်သူ့စစ် စခန်းကို KIA သွားရောက်တိုက်ခိုက် ဖျက်ဆီး

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ စံပြ ပြည်သူ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စခန်းသိမ်းနိုင်တယ် ဆိုတာက မကြားဘူး။ ဒါပေမယ့် KIA က လာတိုက်တာတော့ ဟုတ်တယ်။ မနက် ၃ နာရီကနေ ၅ နာရီလောက်အထိက အပြန်အလှန်ပစ်ကြတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ၇နာရီလောက်အထိ ပစ်နေကြတယ်။ အခုချိန်အထိတော့ သူတို့ ၂ ဖက်စလုံးရဲ့ ထိခိုက်မှုကို အသေးစိတ် မသိရသေးဘူး” ဟု စံပြ ပြည်သူ့စစ်ခန်းအနီးရှိသော ဒေသခံအမျိုးသားတစ်ဦး KNG ကို အတည်ပြု ပြောဆိုသည်။

KIA တပ်ရင်း ၁၄ မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းသိမ်းဆည်းနိုင်ခြင်း မရှိသော်လည်း စခန်းအတွင်း အဆောက်အအုံ အများစု ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားနေချိန်တွင် ရှဒူးဇွပ် အခြေစိုက် ခလရ ၂၉၇ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ကူခဲ့သည်ဟု သိရသည်။

ထို့ကြောင့် စံပြကျေးရွာအတွင်းရှိ လူနေအိမ် တစ်ချို့တွင် လက်နက်ကြီး ကျရောက်မှုများရှိခဲ့သည်ဟု စံပြကျေးရွာ စစ်ရှောင်ပြည်သူ တစ်ဦး ယခုလို ပြောဆိုသည်။

“ကျနော်တို့ စစ်ရှောင်စခန်းရှိတဲ့ဘက် လက်နက်ကျည်တွေ ကျတာတွေရှိတယ်။ စခန်းအတွင်းမှာရှိတဲ့ ဝက်ခြံအနီးမှာလည်း တစ်လုံးကျတယ်။ ပြီးရင်း ရွာထဲမှာရှိတဲ့ နေအိမ်တစ်ချို့နဲ့ စာသင်ကျောင်းတွေမှာ ကျတယ်လို့ကြာတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲအပြီး ယနေ့နံနက်ပိုင်း စံပြနှင့် ရှဒူးဇွပ်ကျေးရွာတွင် လူသွားလူလာမရှိခြင်းနှင့် စျေဆိုင်များ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ရှဒူးဇွပ်ဒေသတွင် မင်းဇင်းသန့် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပစ်ခတ်မှု မကြာခဏဖြစ်ပွားလျက်ရှိနေသည်။

Show More

Related Articles

Back to top button