စစ်ပြေးဒုက္ခသည်များသတင်း

ဆယ်ဇင်းတွင် ပိတ်မိနေသည့် စစ်ရှောင် ပြည်သူအချို့ ပြန်လည်လွှတ်မြောက်လာ၊ အရေးပေါ် ကူညီမှုလိုအပ်နေ

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ပိတ်မိနေသည့် စစ်ရှောင်ပြည် အများပိုင်းပြန်လည်လွှတ်မြောက်လာသည့်အတွက် လတ်တလော တာမခံ၊ ဟောင်ပါး နှင့် နတ်ရေတောင် ကျေးရွာများတွင် စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်အထိ တိုးလာပြီး စားဝတ်နေရေး အကူအညီများအရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၉ ရက်နေ့ ည ၁၀ နာရီအချိန်မှ စတင်ကာ ဆယ်ဇင်းကျေးရွာကိုလေယာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် လူနေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သောကြောင့် ဩဂုတ် ၁၀ ရက်နေ့မှ စတင်ကာ တာမခံ၊ ဟောင်ပါးနှင့် နတ်ရေတောင် ကျေးရွာများတွင် စစ်ရှောင်လာခြင်းဖြစ်သည်။

“ဆယ်ဇင်းမှာက အခုပိတ်မိနေတဲ့ဟာလည်းရှိသေးတယ်တဲ့။ အခုလာနေတဲ့လူတွေထဲမှာ ဖိနပ်မပါတဲ့လူလည်း အများကြီး ဒီကတတ်နိုင်တဲ့လူက ဖိနပ်တွေဘာတွေဝယ်ပေးတယ်။ ထမင်းကျွေး လုပ်ပေးနေတာ အဝတ်အစားလည်း မပါဘူး။ တချို့ဆိုမှတ်ပုံတင်တောင်မပါဘူး” ဟု စစ်ရှောင်ပြည်သူများကိုကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဟောင်ပါး ဘုန်းကြီးကျောင်း တောင်ကျောင်းနှင့် အောက်ကျောင်းများတွင် စစ်ရှောင် ဦးရေ ၅၀၀ ကျော်၊ တာမခံ မူကြိုကျောင်းနှင့် အထက်တန်းကျောင်းဆောင်တွင် ၅၀၀ ကျော်၊ နတ်ရေတောင်တွင် ၂၀၀ နီးပါး စုစုပေါင်း စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်အထိရှိလာပြီး နောက်ထပ် ပိတ်မိနေသည့် စစ်ရှောင်များ ပြန်လည်ရောက်လာနိုင်ကြောင်း သူကဆက်ဆိုသည်။

“ကျွန်တော်တို့ဆီမှာက မနေ့ကအထိ ၃၈၀ ရှိတာ ဒီနေ့မနက်ပိုင်းအထိ ၁၀၀ ကျော်ထပ်တိုးလာတယ်။ တခြားနေရာတွေမှာလည်း တိုးနေတာဆိုတော့ အခုလက်ရှိထိကတော့ လူဦးရေ တစ်ထောင်ကျော်လောက် ဖြစ်လာပြီ။ နောက်ထပ် ဆက်ရောက်မယ့်ဟာလည်းရှိသေးတယ်။ အခုလွတ်လာတာကငါးရာနီးပါ အဲ့မှာလည်း ငါးရာလောက်ကိုရှိသေးတယ်။ ဘာလို့လွတ်ပေးလိုက်တာလည်းဆိုတာ စားရေးသောက်ရေးကြောင့်လို့ပြောတယ်။ ထွက်ဝယ်စားဖို့ကလည်း အကုန်မီးရှို့လိုက်တဲ့အတွက် ထမင်းငတ်မှာကြောင့်မို့လို့ လွတ်ပေးလိုက်တာတဲ့” ဟု တာမခန် စစ်ရှောင်များအားကူညီပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။

ထွက်ပြေးလာသည့်စစ်ရှောင်များတွင် အချို့ထိခိုက်ဒဏ်ရာရရှိထားသူများလည်းရှိနေသည့်အတွက် ကျန်းမာရေးဆေးဝါးအကူအညီပါ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

“အခုကတော့ကြက်ခြေနီးကားတွေလည်းသွားကြိုတဲ့ဟာတွေကတော့သွားကြိုနေပြီရှင့် မနေ့တုန်းကတော့ ဒဏ်ရာရလို့ဆေးရုံပို့တဲ့ဟာတွေရှိတယ် ခြေထောက်ပြတ်တဲ့ဟာတွေကော ခေါင်းမှာဒဏ်ရာရတဲ့ဟာတွေကော ရှိတယ် ကြောက်အားလန့်အားနဲ့ဆိုင်ကယ်မောင်းပြေးကြတော့အချင်းချင်းတိုက်မိလို့ဒဏ်ရာရတဲ့ဟာရှိတယ် ဖားကန့်ဆေးရုံပို့တာများတယ် တစ်ယောက်နှစ်ယောက်လောက်ကတော့ မြစ်ကြီးနားဆေးရုံပို့တယ်” ဟု ဟောင်ပါးစစ်ရှောင်များကိုကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဆယ်ဇင်ကျေးရွာသည် အိမ်ခြေတစ်ထောင်ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီက တစ်ရွာလုံး မီးတင်ရှို့ လိုက်ရာ လတ်တလော ကျေးရွာဘုန်းကြီးကျောင်းတစ်ခု တည်းသာကျန်ရှိတော့ကြောင်း ဘေးလွတ်ရာထွက်ပြေး လာသည့် စစ်ရှောင်ဦးရေမှာလည်း တစ်ထောင်ကျော်ပြီဖြစ်သည့်အတွက် ရေရှည်ရပ်တည်နိုင်ရေး စားဝတ်နေရေး အကူအညီများလိုအပ်နေကြောင်းသိရသည်။

ယင်းစစ်ဘေးရှောင်များကို ကူညီလှူဒါန်းလိုပါက ဖွဲ့စည်းထားသော သက်ဆိုင်ရာကျေးရွာများတွင် စစ်ရှောင်ပြည်သူ ထောက်ပံ့ကူညီရေးကော်မတီသို့ ချိတ်ဆက်ကာ လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ် ၊ ရှမ်းနီ SNA ပူးပေါင်းတပ်တို့နှင့် KIA ၊ PDF တို့ကြား ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ နှစ်ဖက်စစ်ရေး တင်းမာခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာမှ စစ်ကောင်စီတပ်အထိနာခဲ့သောကြောင့် ဆယ်ဇင်းရွာကို ဗုံးကျဲ၊ မီးရှို့ လုပ်ရပ်များ ပြုလုပ်လာခြင်းဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button