တိုက်ပွဲသတင်း

ဆယ်ဇင်း KIA တပ်ကိုထပ်မံ တိုက်ခိုက်ရန် စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် အင်အား ပို့ဆောင်၊ ဒေသခံတစ်ချို့ ပိတ်ဆို့ခံထားရဆဲ

ဆယ်ဇင်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ ကို တန်ပြန်တိုက်ခိုက်ရန် ကချင် စစ်ကိုင်းအစပ်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်အင်အားပို့ဆောင်ထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် စစ်ကိုင်းအစပ် ပန်ခြေကျေးရွာတွင် ရဟတ်ယာဉ် ၂စီးဖြင့် အင်အား ခန့်မှန်းခြေ ၆၀ ခန့် လာရောက်ပို့ဆောင်ထားပြီး KIA တပ်စခန်းရှိသည့်ဘက်ကို စစ်ကြောင်းထိုးရန် ဖြစ်သည်ဟု သတင်း ရရှိထားကြောင်း KIA နှင့် နီးစပ်သော ဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။

“အခု ကျနော်တို့ ကြားရသလောက် KIA တပ်စခန်းရှိတဲ့ဘက်ကို ဝင်တိုက်ဖို့အတွက်ဆိုပြီး စစ်အင်အားတွေ ထပ်ပို့နေတာ တွေ့ရတယ်။ ညနေပိုင်းလောက်ဆို ဆယ်ဇင်း ဒေသဘက်ရောက်လာနိုင်တယ်။ သူတို့ ပြန်ဝင်လာရင်တော့ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်” ဟု ပြောဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA တပ်တို့သည် ဆယ်ဇင်း ကျေးရွာရှိ လူနေအိမ် ၆၀၀ ကျော်အထိ မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ပြည်သူပိုင် ပစ္စည်းအများအပြားကိုလည်း စစ်ကိုင်းဘက်သို့ သိမ်းယူသွားကြသည်ဟု သိရသည်။

ဩဂုတ်လ ၈ ရက်၊ ၉ရက် ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆယ်ဇင်းရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်မှ မထွက်ရန် ပိတ်ဆို့ထားသည့် အရပ်သား ပြည်သူ ၇၀၀ ဝန်းကျင်ရှိသည့်အနက် ပြည်သူ ၅၀၀ ခန့်သည် ရရာနည်းလမ်းဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ယနေ့တွင် စစ်ရှောင် ၂၀၀ ဝန်းကျင် ဖားကန့် တာမခန်ဘက်သို့ လွတ်မြောက်လာသည်ဟု ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ယခုလို ပြောဆိုသည်။

“မနေ့ကနဲ့ ညတုန်းက ၂ရက် ဘုန်းကြီးကျောင်းကနေ ထွက်ဖို့ပြောကြတယ်။ မနေ့က မနက်ပိုင်း အရဲစွန့်ပြီး ထွက်တဲ့ သူတိုင်း အားလုံးပစ်သတ်ခံရတယ်။ ထွက်လာတဲ့ သူတိုင်းကို သေနတ်နဲ့ လှမ်းလှမ်းပစ်တာလေ။ အဲ့ကြောင့် ဘယ်သူမှ မထွက်ရဲဘူး။ ညတုန်းကလည်း ဘုန်းကြီးကျောင်းရှေ့ကိုလာပြီးတော့ သေနတ်ထောင်ထားပြီး သတ္တိရှိတဲ့ သူတွေထွက်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်။ အခုထွက်လာတဲ့ သူတွေက လစ်ရင် လစ်သလို ရတဲ့ လမ်းကနေ ထွက်လာကြတာ။ အခုဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူတွေ ၁၃ ယောက်လောက် ကျန်နေသေးတယ်”ဟုပြောဆိုသည်။

ဆယ်ဇင်းရွာ ဘုန်းကြီးကျောင်းမှ အပြင်သို့ထွက်လာသော ပြည်သူများကို စစ်ကောင်စီက ပစ်သတ်ထားပြီး အလောင်းများကို ကောက်ယူခွင့်မရှိသေးသလို သေဆုံးမှုစာရင်း အသေးစိတ်ကိုလည်း မရရှိသေးကြောင်း သူက ဆက်ဆိုထားသည်။

“ဒေသခံတွေ သေဆုံးတဲ့ စားရင်းက အခုချိန်အထိ ၁၈ ယောက်ဘဲရှိသေးတယ်။ သေဆုံးသွားတဲ့ သူတွေရဲ့ အလောင်းတွေကိုလည်း ဘယ်သူဘယ်ဝါဆိုတာ သွားကြည့်လို့မရဘူး။ သေဆုံးမှုက ၃၅ ယောက်နဲ့ ၄၀ ဝန်းကျင်မှာရှိနေပါတယ်။ အလောင်းတွေလည်း ဒီအတိုင်းရှိနေတယ်”ဟု ပြောဆိုသည်။

တိုက်ပွဲကြောင့် တာမခန်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများ ၁၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး တာမခန် ရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေကြကြောင်း သိရသည်။

လက်ရှိတွင် တာမခန်ဘက်သို့ ထွက်ပြေးတိမ်းရှောင်းလာသည့် စစ်ရှောင်ပြည်သူများ တစ်ထောင်ဝန်းကျင်အတွက် အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဆယ်ဇင်းတွင် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက်တပ် စောင့်ကြည့်နေသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button