သတင်း

အင်းတော်နယ်တွင် စစ်ကောင်စီထုတ် ဘီယာအဖာ ၂၀၀ တိတိကို KIA နှင့် PDF ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်မြို့နှင့် ကျောင်းကုန်းကျေးရွာကြားတွင် မန္တလေးဘက်မှ တင်ဆောင်လာသည့် မြန်ဘီယာ၊ ဒဂုန်ဘီယာနှင့် Andaman ဘီယာအဖာ ၂၀၀ တိတိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က ဖမ်းဆီး၍ ဖျက်ဆီးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် မန္တလေးမှ အင်းတော်မြို့တွင်းသို့ ၆ဘီးယာဉ်တစ်စီးဖြင့် စစ်ကောင်စီထုတ် မြန်မာဘီယာများတင်ဆောင်လာသည့် ကားများကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်( PDF )ပူးပေါင်းတပ်တို့က အင်းတော်နှင့် ကျောင်းကုန်းကျေးရွာကြားတွင် စစ်ဆေးမိရာမှ မြန်မာဘီယာ အဖာ ၂၀၀ တိတိကို ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့ကြောင်း အင်းတော် PDFမှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းကိုပြောသည်။

“အင်းတော်နှင့် ကျောင်းကုန်းလမ်းပိုင်းမှာ ကျွန်တော်တို့က ကားတွေကိုစစ်နေတာ စစ်နေတဲ့ချိန်မှာ မန္တလေး ဘက်ကနေ အင်းတော်ကိုသယ်လာတာတဲ့ကားတစ်စီးမှာ မြန်မာဘီယာက ၁၈၀ ဖာ၊ ဘီယာ က ၁၂ ဖာနဲ့ ဒဂုန်ဘီယာက ၈ ဖာဗျ အဲ့တာကို ကေအိုင်အေနှင့် DPF တွေပေါင်းပြီး အဲ့သယ်လာတဲ့ကားနဲ့ပဲ တက်ကြိတ် ခိုင်းပြီးဖျက်ဆီးလိုက်တာပါ”ဟုပြောဆိုသည်။

အဆိုပါ ကားသမားကို နောက်နှောင် ယခုကဲ့သို့ ပြစ်မှုမျိုးမကျူးလွန်ရန် သတိပေး၍ ကားနဲ့လူကိုပြန်လွတ် ပေးခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးဖျက်ဆီးမှုမျိုးမပြုလုပ်မှီကြိုတင်သတိပေးမျိုးများရှိခဲ့ကြောင်းလည်းသိရသည်။

“အရင်ကမိတဲ့ကားသမားတွေကိုလည်းခုလိုမျိုးသတိပေးပြီးတော့မှပဲပြန်လွတ်ပေးလိုက်တာရှိတယ် အခုလိုမျိုးမလုပ်ခင် အရင်ကလည်းစစ်တပ်ထုတ်ကုန်တွေမတင်ဖို့ သတိပေးတာတွေရှိတယ် အွန်လိုင်းပေါ်မှာကော နောက်ပြီးကားဆရာတွေကိုကော သတိပေးတာမျိုးတွေရှိတယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လတ်တလောတွင် အင်းတော် ကျောင်းကုန်းလမ်းပိုင်း၌ မြစ်ကြီးနား မန္တ​လေးဘက်မှ အတက်အဆင်းကားများ ကို ကေအိုင်အေ နှင့် PDFတို့က ပုံမှန်စစ်ဆေးမှုများပြုလုပ်နေပြီး ကုန်ကားများ မိုးကာအုပ်၍ မသွားရန်နှင့် ခရီးသည်တင်ကားများ၊ လူမှုကူညီရေးအသင်းကားများ၊ ဘာသာရေးနှင့် လူမှုအသင်းအဖွဲ့ကားများ မှန်ချ၍ မောင်နှင်းသွားလာကြရန်လည်း သတိပေးတာမြစ်တားသည်။

အင်းတော် PDF နှင့် ကေအိုင်အေအနေဖြင့် အင်းတော် ကျောင်းကုန်းလမ်းပိုင်းတွင် ယခုကဲ့သို့ မြန်မာ ဘီယာဖာများ ဖမ်းဆီးဖျက်ဆီးမှုမှာ ဒုတိယအကြိမ်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button