သတင်း

စက်သုံးဆီ စျေးမြှင့်တက်မူကြောင့် ဆော့လော်သို့ ကုန်ပစ္စည်းတင်ပို့မှု ရပ်နားထား

စက်သုံးဆီ စျေးနှုန်းမြှင့်တက်မှုကြောင့် ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့နေသည့် ကားများမထွက်နိုင်ဘဲ ရပ်နားထားရသည်ဟု အမည်မဖော်လိုသူ ကုန်ကား‌ မောင်းသူများထံမှ သိရသည်။

ယခင်က ဆော့လော်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အသွားအပြန်စက်သုံးဆီ ၄ သိန်းဖိုးခန့်သာကုန်ကျသော်လည်း လက်ရှိတွင် ၈သိန်းခန့် ရှိလာသဖြင့် ကုန်ပစ္စည်းတင်ပို့မှု ရပ်နားထားရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။

“အဓိကကတော့ ဆီဖိုးမတတ်နိုင်လို့ ဆော့လော်ကိုမတက်နိုင်တာပေါ့။ ကျနော်တို့မိတ်ဆွေ ကားသမားတွေလည်းမတက်ကြတာများတယ်။ အရင်ကမောင်းဆီ၄သိန်းဖိုးလောက်ကုန်တယ် အခုကနှစ်ဆ ၈သိန်းလောက် ကုန်တယ်” ဟု အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။

ယခုလို စက်သုံးဆီစျေးမြှင့်တက်မှု အကျိုးဆက်တွေကြောင့် ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းများမရောက်ရှိနိုင်ဘဲ ဒေသခံပြည်သူများနှင့် ဆော့လော်မြို့နယ်က ဝန်ထမ်းများ အစားအသောက်အခဲများ ကြုံတွေ့နေရသည်ဟု သူက ဆက်ပြောသည်။

“အရင်က ဆော့လော်မှာက တရုတ်ပြည်ကနေ ကုန်တွေအဓိကဝယ်ယူကြတာ ကိုဗစ်နောက်ပိုင်းမြန်မာပြည်က ဝယ်ယူစားသုံးတာပေါ့။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စျေးနူန်းတက်တာကတစ်ကြောင်း အခုလိုဆီစျေးတွေတက်တော့ ဒေသခံတွေ ဝန်ထမ်းတွေအစားအသောက်နဲ့ပတ်သက်လို့ တော်တော်ခက်ခဲကြတယ်” ဟု ဆော့လော် ဒေသခံများနှင့် နီးစပ်သူတစ်ဦးက KNGသို့ ပြောသည်။

ဆော့လော်မြို့သည် ကိုဗစ်မဖြစ်ခင်ကာလများက ဆန်နှင့်အခြားကုန်ပစ္စည်းများကို တရုတ်ပြည်မှတစ်ဆင့် အဓိကဝယ်ယူစားသုံးခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်နယ်စပ်ဂိတ်များပိတ်ခဲ့တာကြောင့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ကနေ ဝယ်ယူစားသုံးနေရသည့် နေရာဒေသတစ်ခုဖြစ်သည်။

ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လမ်းပန်းရေးဆက်သွယ်ရေးအခက်အခဲများကြုံတွေ့ရသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရန် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီ ထိန်းချုပ်ရာနယ်မြေအသီးသီးကိုဖြတ်သန်းကာ တင်ဆောင်လာသည့်ကုန်ပစ္စည်းအလိုက် အခွန်များပေးဆောင်ရသည်ဟု ဒေသခံများထံမှသိရသည်။

လက်တလော မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ၉၂ တစ်လီတာကို ၃၀၀၀ လူတစ်ဦးလျှင် တစ်လီတာဖြင့် အကန့်အသတ်ဖြင့်သာရောင်းချပေးနေပြီး တရားမဝင်လမ်းဘေးဆိုင်များတွင် တစ်လီတာကို ၅၀၀၀ကျပ်နူန်းဖြင့် လိုသလောက်ဝယ်ယူခွင့်ရရှိနေသည်ဟု ဒေသခံများ‌ကပြောသည်။

တရုတ်အစိုးရသည် တရုတ်နိုင်ငံရှိ တရားဝင်နယ်စပ်ဂိတ်များကို ၂၀၂၀ခုနှစ်အစောပိုင်းကတည်းက ပိတ်ထားခဲ့ပြီး ယခုဆိုလျှင် သုံးနှစ်နီးပါးကြာမြှင့်နေပြီဖြစ်ပါသည်။

Show More

Related Articles

Back to top button