သတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး၊ သွားလာရေးကန့်သတ်ထား

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဟန် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၂ဦး လက်နက်ကြီးထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၁၂ရက်နေ့ မြို့နယ်ထွေအုပ်ရုံး ဝင်ရောက်တိုက်ခိုက်ခံရမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဟန် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၃ရက်နေ့ နံနက်ပိုင်းမှ နေ့လည် ၁၁နာရီ နေ့မထွက်ရ အမိန့်ထုတ်ပြန်ကာ စစ်ကောင်စီတပ်မှ ဗန်းမောက်မြို့တွင်း လက်နက်ကြီးများ ရပ်သမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဗန်းမောက် PDF အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

“ကျနော်တို့ မြို့ထဲဝင်ပစ်တော့ မြို့နယ်မှူးကျသွားတယ်။ နောက်တစ်ရက်ဆို နေ့လည် ၁၁နာရီ ကနေအပြင်မထွက်ရဘူး ထွက်တဲ့သူပစ်မယ်ပေါ့ပြောတယ်။ ၁၁နာရီနောက်ပိုင်း မြို့ထဲကိုအကုန်ပတ်ပစ်တော့တာပဲ အဲ့ချိန်မှာအရပ်သားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်။ တစ်ဦးကိုတော့ ကျနော်တို့မျက်မြင်တွေ့ခဲ့တယ် ပြေးရင်းလွှားရင်းတွေ့ခဲ့ရတာပေါ့ တစ်ဦးကတော့ဗန်းမောက်မြို့အထွက်မှာပစ်ထားတယ်ပြောတယ်”ဟုဆိုသည်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ပြည်သူနှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။

လက်တလောတွင် စစ်ကောင်စီတပ်မှ မြို့တွင်းဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မူကြောင့် ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဗန်းမောက်ဒေသခံတစ်ဦး ပြောဆိုသည်။

“အရမ်းစည်တဲ့ မနက်ဈေးတောင်မှ ၈နာရီထိ အပြေးအလွှားရောင်းကြတယ်။ ၁၁ နာရီနောက်ပိုင်းဆို အပြင်မထွက်ရဘူး။ တစ်မြို့လုံးခြောက်သွေ့နေတာဘဲ အပြင်ထွက်သူမရှိသလောက်ဘဲ။ ပြီးရင် ခုဆို ဗန်းမောက်မြို့နယ် အဝင်အထွက်တွေကိုပိတ်ထားတယ်”ဟုဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဗန်းမောက်မြို့အဝင်အထွက် စစ်ဆေးရေးများ ပိုမိုတင်းကြပ်နေကြောင်း ဆက်လက်သိရသည်။

ဗန်းမောက်နယ်တွင် ဩဂုတ်လဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပျောက်ကျားစစ်ဆင်ရေးစနစ်ဖြင့် ၅ကြိမ်ထက်မနည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဗန်းမောက် PDF အဖွဲ့ပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button