တိုက်ပွဲသတင်း

ဂျက်လေယာဉ် မှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီဘက်မှ ၈ ဦး ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာနှင့် အနီးတစ်ဝိုက်ကို ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲချခဲ့ရာ အချင်းချင်းမှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီ တပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဘန့်ဘွေး ရွာဘုန်းကြီးကျောင်းနှင့် ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကသာမြို့နယ် PDF နှင့် ကျောက်ထုံးကြီး PDF တို့က သြဂုတ် ၂၂ ရက်နေ့ နံနက် ၅နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နာရီခန့်အကြာတွင် ဂျက်လေယာဉ် နှစ်စီးဖြင့် ၁၅ မိနစ်ခန့်ကြာ ဗုံးလာကျဲရာ မှားယွင်းဗုံးကျဲမိ၍ စစ်ကောင်စီတပ်သား ၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“တိုက်ပွဲက ကိုးနာရီလောက်ဆိုငြိမ်သွားပြီ နမခကလေ လေယာဥ်ပစ်ကူလာနေတယ်ကြားတာနဲ့ ကျနော်တို့ကနောက် ဆုတ်သွားတာ နောက် တစ်နာရီကျော်ကျော် နှစ်နာရီလောက်ကြာတဲ့ချိန်မှာ နမခ ကနေဂျက်ဖိုက်တာနဲ့လာကျဲတာပဲ သူတို့ချင်းချင်း မှားကျဲမိလို့အဲ့မှာ ၈ ယောက်လောက်ထပ်သေတယ်တဲ့။ ကျနော်တို့သွားတိုက်တဲ့ခါတော့ ၃၀ ကျော်သေတယ်”ဟုပြောသည်။

အဆိုပါ သွားရောက်ပစ်ခတ်မှုတွင် စုစုပေါင်း ၄၀ နီးပါး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဂျက်ဖိုက်တာဖြင့် ဗုံးလာကျဲရာတွင် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် ဘန့်ဘွေးကျေးရွာမှ လူနေအိမ် လေးလုံးလည်း မီးလောင်ပြာကျခဲ့သည်။ စစ်ကောင်စီတပ်သားများသည် လက်ရှိချိန်ထိ ကျေးရွာတွင် တပ်စွဲ ထားဆဲ ဖြစ်ကြောင်း သိရသည်။

“တပ်ကနေ့ပြန်မဆုတ်သေးဘူးဗျ။ မနေ့က ညတွင်းကြီးမှာ ကသာမြို့ထဲကနေ ရေမော်တော်တွေနဲ့အင်းအား ၇၀ လောက်ထပ်ဖြည့်လိုက်တယ်။ ရွာထဲမှာ တပ်စွဲထားတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘန့်ဘွေးကျေးရွာတွင် လူနေအိမ်ခြေ ၁၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်များ ဝင်ရောက်လာသည်ဟူသည့်သတင်းကြောင့် သြဂုတ် ၂၁ ရက်နေ့ ကတည်းက ရွာလုံးကျွတ်နီးပါးဘေးလွတ်ရာ တိမ်ရှောင်ခဲ့ရပြီး လတ်တလော ရွာထဲတွင် လူဆယ်ဦးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့ မန္တလေး ဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီးဆန်တက်လာသည့်အချိန်မှစတင်ပြီး ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button