တိုက်ပွဲသတင်း

ယင်းမာပင်တွင် စစ်ကောင်စီနှင့် PD Fအင်အားစုများ တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက် အကျအဆုံးရှိ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကပိုင်အုပ်စုသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ဒေသခံ PDF အင်အားစုများတိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု ရှိခဲ့သည်ဟု သိရသည်။

ယင်းမာပင် ခရိုင်တပ်ရင်း ၁ မှ ရဲဘော် ဖိုးသောကြာနှင့် ပကဖအဖွဲ့ဝင် ၃ ဦးသည် ကင်းထောက်နေစဉ် ပကဖအဖွဲ့ဝင်တစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရကာသေဆုံးခဲ့ပြီး ကျန်ရဲဘော်များမှာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

“ရဲဘော်တွေက ဒေသခံရဲဘော်တွေဖြစ်တော့ ကင်းထောက်ချင်တဲ့ဇောများပြီး လက်နက်ကြီးထိမှန်တာပေါ့။ ပထမဆုံး စကျတာက ပကဖထဲက တစ်ယောက်ပေါ့။ သူက ကင်းထောက်ရင်း သူ့လူကိုယ့်လူရောကုန်တာ အဲ့မှာသေနတ်နဲ့ပစ်လိုက်တာ စစ်ကောင်စီဘက်က ကင်းထောက်တဲ့သူတွေရဲ့ အခြေနေကိုသိသွားတော့ လက်နက်ကြီးနဲ့ပစ်တာ။ အဲ့မှာလွတ်တဲ့သူတွေကတော့ လွတ်လာတယ် အဲ့မှာရဲဘော်အချို့ကတော့ကျဆုံးသွားတာပါ” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ယင်းမာပင်မြို့နယ် ကပိုင်အုပ်စုကို ဝင်ရောက်ခဲ့ရာ ဒေသကာကွယ်ရေးတပ်များ၏ မိုင်းထောင်တိုက်ခိုက်ခြင်းကို ၄ ရက်ကြာခံရသဖြင့် ထိခိုက်သေဆုံးမှု များနိုင်သည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“၁၈ရက်နေ့မှာ တိုက်ပွဲစဖြစ်တာ စစ်ကောင်စီဘက်က ကပိုင်ဘက်ကို ဝင်တယ်။ ကျနော်တို့က ၁၇ ရက်နေ့ကတည်းက သတင်းရတာ။ ကပိုင်ဘက်ကိုဝင်မယ်လို့ယူဆတာပေါ့အဲ့မှာ ၁၈ရက်နေ့မနက်ပိုင်းမှာ စပြီး မိုင်းတွေခင်းခဲ့တာ။ အပြန်အလှန်ပစ်တာက ၂၁ ရက်နေ့ တစ်ဖက်နဲ့တစ်ဖက်ပစ်တာရဲ့အကျအဆုံးကိုတော့ မသိနိုင်ဘူး။ သူတို့ဘက် အကျအဆုံးများတာက မိုင်း‌ကြောင့်ပဲအကျအဆုံးများတာပါ။ ဓားစာဖမ်းခံပြီး လွတ်လာတဲ့သူပြောတာကတော့ အလောင်း ၄ လောင်း ၅ လောင်း လေယာဉ် နဲ့သယ်သွားတယ်။ ဗိုလ်တစ်ယောက် ခြေထောက်ပြတ်သွားတယ်လို့ သိရတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း၁မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်များသည် ကပိုင်အုပ်စုကို ဝင်ရောက်စဉ်တွင် ကပိုင်ကျေးရွာမှ နေအိမ် ၂၀၀ ကျော်၊ ပေါင်းဝကျေးရွာမှ နေအိမ် ၄၁ လုံး၊ သီးကုန်းရွာမှ နေအိမ် ၁၀ လုံး၊ ဝင်းကုန်းရွာမှ နေအိမ်တစ်လုံးလက်နက်ကြီးမှန်ကာ မီးလောင်ဆုံးရှုံးခဲ့ရပြီး လေဖြတ်နေ၍ စစ်ဘေးမရှောင်နိုင်သော အမျိုးသားတစ်ဦး မီးထဲပါသွားခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင် ရင်ပေါင်တိုင်ကျေးရွာမှ နေအိမ်ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button