တိုက်ပွဲသတင်း

ကသာ ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်း

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဘန့်ဘွေးကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သည့်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထပ်မံ အင်အားဖြည့်တင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၂၂ ရက်နေ့  နံနက် ၅နာရီဝန်းကျင် ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၅၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်ရှိတွင် စစ်အင်အား ၁၀၀ ကျော်ခန့် ထံမံ ဖြည့်တင်းလာကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး KNG ကိုပြောသည်။

“တိုက်ပွဲဖြစ်တဲ့ညမှာပဲ ကသာဘက်ကနေ ဧရာဝတီမြစ်ကြောင်း ကနေ စစ်အင်အား ၇၀ လောက်ပြန်ဖြည့်လာတယ်။ ပြီးတော့ မနေ့က နေ့လည်ပိုင်းလည်း ကသာဘက်ကနေ အင်အား ၃၀ လောက်ပြန်ဖြည့်ထားတယ်။ ဒီ ၂ရက်အတွင်းမှာဘဲ ၁၀၀ ကျော်ရှိပြီ။ စစ်သားတွေကတော့ ဘန့်ဘွေး ရွာထဲမှာ တပ်စွဲထားတုန်း”ပြောသည်။

ဘန့်ဘွေးကျေးရွာတွင် အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၆၀၀ ဝန်းကျင် နေထိုင်သော ကျေးရွာတစ်ခု ဖြစ်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိနေသောကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်ရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆက်ဆိုသည်။

“ရွာသားတွေကတော့ သူတို့လာနေပြီ သတင်းကြားရကတည်းက ထွက်ပြေးနေရပြီ။ အခု တစ်ချို့ကတော့ လွတ်မယ် ထင်တယ်။ လုံခြုံမယ့် ထင်တဲ့နေရာတွင်မှာ ရှိနေကြတယ်။ တစ်ချို့ကတော့ အသိဆွေမျိုးနီးစပ်တဲ့ နေရာတွေမှာရှိကြတယ်။ ဘယ်သူမှ ရွာထဲကို ပြန်မကပ်နိုင်သေးဘူး”ပြောဆိုသည်။

စစ်ကောင်စီသည် ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ဘန့်ဘွေးကျေးရွာအား လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ လူနေအိမ်များ မီးလောင်ပြာကျမှုများရှိခဲ့ပါသည်။

ထို ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်း ၅နာရီဝန်းကျင်တွင် ဘန့်ဘွေးကျေးရွာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

ဘန့်ဘွေးကျေးရွာသည် ဧရာဝတီမြစ်ကမ်းတွင်တည်ရှိပြီး ယခုကဲ့သို့ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း တပ်စွဲနေထိုင် ခြင်းသည် မန္တလေးနှင့်ကသာဘက်သို့ တက်လာမည့် စစ်သင်္ဘောများကို လုံခြုံရေးယူပေးရန်အတွက်ဖြစ်သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။

ထို့နောက် ဩဂုတ်လ ၈ရက်နေ့တွင် မန္တလေးမှ ဗန်းမော်ဘက်သို့ စစ်အင်အားများအပါ စားနပ်ရိက္ခာများ သယ်ဆောင်လာသော သင်္ဘော ၆စီးကို ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပစ်ခတ်ခံရပြီး တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

Show More

Related Articles

Back to top button