သတင်း

ပူတာအိုတွင်စက်သုံးဆီပြတ်၍ ဖုန်းတာဝါတိုင်များ အပြည့်အဝမလည်ပတ်နိုင်သည့်အတွက် ဖုန်းလိုင်းများခက်ခဲလာ

ပူတာအိုမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်လာပြီးနောက် ဖုန်းတာဝါတိုင်များ မလည်ပတ်တော့ပဲ ဖုန်းလိုင်းများ သုံးစွဲရန် အဆင်မပြေ ဖြစ်နေကြောင်း ဒေသခံများ ပြောသည်။

သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ပူတာအိုတွင် စက်သုံးဆီကားများ အဝင်ရပ်တန့်ခဲ့ပြီး ဖုန်းတာဝါတိုင် တချို့တဝက်တွင်သာ ဆီဖြည့်နိုင်သည့်သဖြင့် ယခုချိန် ဖုန်းလိုင်းများ ကျဆင်းသွားကြောင်း ဖုန်းအသုံးပြုသူဒေသခံများထံမှ စုံစမ်းသိရှိရသည်။

”အရင်ဆီ အလုံအလောက်ရှိတုန်းကတော့ တာဝါတိုင်လေးခုရှိရင်လေးခု စလုံးမှာ ဆီဖြည့်ပြီးလည်ပတ်နိုင်တယ်။ အခုက ဆီမလောက်တော့လို့ ဆိုပြီး တာဝါတိုင်သုံးတိုင်ရှိတဲ့နေရာမှာ နှစ်တိုင်လောက်ပဲဆီဖြည့်ပြီး လည်ပတ်နေတာ။ အလယ်က တစ်တိုင်က မလည်ပတ်နိုင်ဘူး။ ဆီမရှိတော့ အဲ့ကြောင့်ဖုန်းလိုင်းတွေက အရင်လိုတော့ မကောင်းနိုင်ဘူးဗျ” ဟု Ooredoo ဖုန်းတာဝါတိုင်များကို ဆီဖြည့်နေသည့် ကုမ္ပဏီဝန်ထမ်းနှင့် ရင်းနှီးသူတစ်ဦးက KNG ကို ပြောသည်။

လက်ရှိပူတာအိုတွင် ဖုန်းတာဝါတိုင်များ အပြည့်အဝ မလည်ပတ်နိုင်သောကြောင့် ဖုန်းလိုင်းကျဆင်းမှုဒဏ်ကိုဒေသခံ သာမန် ဖုန်းအသုံးပြုသူများ၊ လုပ်ငန်းအတွက်အသုံးပြုသူများ အခက်အခဲ ဖြစ်နေကြောင်း ပူတာအိုလေယာဥ်ကွင်းရပ်ကွက်မှ အသက် ၃၈ နှစ်အရွယ် ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက KNG ကို ပြောသည်။

”အရင်ကတော့ဖုန်းလိုင်းကျတာရှိတယ် တစ်ရက်နှစ်ရက်ပေါ့ရာသီဥတုမကောင်းတဲ့ခါကျတာ အခုက တစ်လပြည့်တော့မယ်။ ဖုန်းလိုင်းတွေကျနေတာ ဖုန်းခေါ်ရင်လည်း ဧရိယာပြင်ပလို့ပြောတယ်။ တခါတလေဖုန်းမပိတ်ပဲ စက်ပိတ်ထားတယ် အဲ့လိုဖြစ်နေတာ။ လိုင်းမကောင်းတော့စိတ်ရှည်ရှည်နဲ့ လေး ငါး ခြောက်ခေါက်လောက်ခေါ်မှဝင်တာဗျ ပြီးရင် တခါတလေ Wave Money တို့ဘာတို့ဆိုရင်လည်း ထုတ်ရခက်လွဲရခက်တာမျိုးတွေကြုံနေရတယ်” ဟု ဒေသခံအမျိူးသားတစ်ဦးကပြောသည်။

ပူတာအိုတွင် MPT ၊ Ooredoo ၊ Telenor၊ Mytel ဖုန်းလိူင်းများအားလုံး အသုံးပြုနိုင်ပြီး လက်ရှိဖုန်းလိုင်းအားလုံးနီးပါး ကျနေ ကြောင်း သိရသည်။

လက်ရှိ ပူတာအိုမြို့ရှိ ဇေယျာမင်း၊ တိုင်းကျော်၊ Petro 7 စသည့်အဓိက ဆီပန့်ဆိုင်ကြီးများတွင် ဓာတ်ဆီပြတ်လပ်နေပြီ ဒီဇယ်မှာ လူတစ်ဦးလျှင် ငါးသောင်းနှုန်းဖြင့်သာ ခွဲတမ်းရရှိကြောင်းသိရသည်။

”ဒီဇယ်ကတော့ဆိုင်တိုင်းလိုလိုရတယ်။ အကန့်သတ်နဲ့ပဲရတာ ဓာတ်ဆီကတော့ မရဘူးဗျ ပြတ်နေတယ် တိုင်းကျော်မှာ တခါတလေ မနက်ပိုင်းခနလေးရောင်းပေးတယ် တစ်လီတာကို ၃၀၀၀ ကျော်တယ်။ ၊အခုကအပြင်က ပုလင်းချိန်ဆိုင်တွေမှာပဲ ထည့်ကြတာ။ တစ်ပုလင်းကို လေးထောင်ကနေ ငါးထောင်ထိပေးရတယ်။ တစ်လီတာမပြည့်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပူတာအိုဒေသတွင် ၂၀၁၄ ခုနှစ်အထိ CDMA နှင့် IP Star လိုင်းများသာ သုံးစွဲ၍ ရခဲ့ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်မြို့နယ်များတွင် MPT ၊ Ooredoo၊ Telenor ၊ Mytel လိုင်းများ သုံးစွဲ၍ရခဲ့သည်။

Show More

Related Articles

Back to top button