သတင်း

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ

ကသာမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ ထိမှန်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

စက်တင်ဘာ ၂၃ ရက် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင် ကသာ ခလရ ၃၀၉ တပ်ကုန်းပေါ်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးသည် ရပ်ကွက် ၉ ဓမ္မပါလဘုန်းကြီးကျောင်းအနီး၊ ဘောလုံးကွင်းအစပ်ရှိ လူနေအိမ်တစ်လုံး၊ ရပ်ကွက် ၅ အထက (၂) စာသင်ကျောင်းအနီးတွင် တစ်လုံး၊ ခရိုင်ပညာရေးမှူးရုံးအနီးတွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“သူတို့တပ်ကုန်းပေါ်ကနေ ရမ်းပစ်နေတာ၊ အိမ်တွေပေါ်ကျလို့ အိမ်လည်းပြို လူလည်းထိသွားတယ်။ နှစ်ယောက်စလုံး ဒဏ်ရာသိပ်မပြင်းဘူးလို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့သို့ လူနေအိမ်တစ်အိမ်ပေါ်တွင် ကျရောက်ခဲ့ရာ၌ နေအိမ်ပျက်စီးသွားခဲ့ပြီး အိမ်ရှင်အမျိုးသား၏ ဦးခေါင်းနှင့် လက်မောင်းများ၊ အမျိုးသမီး ပေါင်နှင့် ခြေလက်တို့တွင် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အိမ်ရှင် လင်မယားနှစ်ဦးအား ဆေးကုသမှုခံယူရန် မန္တလေးသို့ လူမှုကူညီရေးကားဖြင့် ကသာဆေးရုံသို့ ပို့ဆောင်းခဲ့ကြောင်း သိရသည်။

အလားတူ စာသင်ကျောင်းတွင် ကျောင်းသားများ စာသင်နေစဥ် ကျောင်းအပြင်အနောက်ဘက် ပရိဝုဏ်အနီးနှင့် စာသင်ကျောင်းအနီးရှိ ခရိုင်ပညာရေးမှူးရုံးအနီးတွင်လည်း လက်နက်ကြီး ကျည်တစ်လုံးကျရောက်‌သော်လည်း လူသူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ PDF များ Drone ​ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်တပ်အသိုင်းဝိုင်းမှ ပြောဆိုနေသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်းမရှိကြောင်း KNG ကို ပြန်လည် ပြောဆိုပါသည်။

Show More

Related Articles

Back to top button