တိုက်ပွဲသတင်း

ဗန်းမောက် နားမော်ကျေးရွာအနီး တိုက်ပွဲတွင် PDF ၆ ဦးကျဆုံး၊ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နားမော်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းမှ နေ့လည် ၁၂ နာရီအချိန်ထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ် ရေးတပ်ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးသွားကြောင်းသိရသည်။

အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် KIA ၊ စစ်ကိုင်းအထူးတပ် နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့ အချိန်နေ့တစ်ဝက်ခန့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

တိုက်ပွဲက မနက်ထဲကဖြစ်တာနေ့လည်ထိ ဟုတ်တယ် ကာကွယ်ရေးတပ်တွေဘက်က စစ်ကိုင်းအထူးတပ်ထဲက ၆ယောက်ကျဆုံးသွားတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ဆယ်ဂဏန်းတော့သေတယ် သူတို့အလောင်းတွေကို နားမော်ရွာအလွန်က ပေါက်နွယ်ကုန်းမှာပဲ မြှပ်ထားတယ်။ ဘယ်နဦးကျတယ်ဆိုတာကိုတော့ နယ်မြေရှင်းလင်းရေးလုပ်မှပဲသိမယ်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ ထိတွေ့တိုက်ပွဲဖြစ်သည့် စစ်ကောင်စီ စစ်ကြောင်းသည် အောက်တိုဘာ ၄ ရက်နေ့ကတည်းက စီးမော်၊ တောင်ကြီးဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး လက်ရှိ ထိတွေ့တိုက်ပွဲ အပြီး ပေါက်နွယ်ကုန်းကျေးရွာအတွင်းသို့ တပ်စွဲနေထိုင်နေကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် KIA PDF ပူးပေါင်းတပ်တို့သည် အင်းတော်နှင့် ဗန်းမောက်ကြား အောက်တိုဘာ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဥ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က နေ့စဥ်ထိခိုက်သေဆုံးမှုရှိနေပြီး လက်နက်ခဲယမ်းများလည်း အများအပြားသိမ်းဆည်းရမိကြောင်း Banmauk Revolution – BR က ထုတ်ပြန်ထားသည်။

ထို့အပြင် ယင်းစစ်ကြောင်းသည် အထိနာနေသည့်အတွက် ပြည်သူများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိပြီး ယနေ့အထိ စီးမော်ရွာမှ ၂၆ အိမ် တောင်ကြီးရွာမှ ၇ အိမ်အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button