သတင်း

ချီဖွေဒေသတွင် MPT ဖုန်းလိုင်းဖြတ်တောက်ခံထားရ၊ မြစ်ကြီးနားဘက်မှ စစ်ယာဉ်တန်းတက်လာဟုဆို

ကချင်ပြည်နယ် ချီဖွေမြို့တွင် အောက်တိုဘာလ ၁၀ရက်နေ့မှစပြီး ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်သည့် MPT ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသခံများ ဆက်သွယ်ရေး ခက်ခဲမှုကြုံတွေ့ နေကြောင်းသိရသည်။

“ဒီဘက်မှာက များသောအားဖြင့် MPT ပဲ ကိုင်ကြတာများတယ်။ မနေ့က နံနက်ပိုင်း ၆နာရီလောက်ကနေ MPT ဖုန်းလိုင်း ဖြတ်ထားတယ်။ အခုက Telenor တစ်ခုတော့ ရသေးတယ်။ ဒါလည်း ဘယ်ချိန် ဖြတ်ခံရမလဲမသိဘူး။ အချင်းချင်းဆက်သွယ်ဖို့တောင် ခက်ခဲနေကြတယ်”ဟု ချီဖွေဒေသခံတစ်ဦး KNG ကိုပြောသည်။

လက်ရှိ ချီဖွေဒေသတွင် MPT ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့်အပြင် ယနေံနံနက်ပိုင်း အစောပိုင်းကတည်းက တစ်မြို့လုံး မွန်းလွှဲ ၃နာရီဝန်းကျင်အထိ လျှပ်စစ်မီးများလည်း ဖြတ်တောက်ထားသည်ဟု သူကဆက်ဆိုသည်။

“အခုဆို MPT ဖုန်းလိုင်းပါ မီးလည်းမလာဘူး။ ဒီမနက် အစောကြီးကဟုတ်ပြီ အခု ၃နာရီဝန်းကျင်အထိမလာသေးဘူး။ တစ်ချို့က ဖုန်းလိုင်းရတဲ့သူတွေတောင် မီးမလာလို့ ဆက်သွယ်ရေးမရကြဘူး။ ချီဖွေဘက်ကို စစ်ယာဉ်တန်း တက်လာကြတယ်လို့လည်း ပြောကြတယ်။ ဒါပေမယ့် ဖုန်းလိုင်းမရတော့ သေချာမပြောနိုင်ဘူး” ဟုပြောဆိုသည်။

ယခုလို ချီဖွေဒေသတွင် MPT ဖုန်းလိုင်းများဖြတ်တောက်ခံထားရမှုသည် အောက်တိုဘာလ ၉ရက်နေ့ မြစ်ကြီးနားဘက်မှ ​ ချီဖွေဘက်သို့ စစ်ကောင်စီ ယာဉ်တန်းတက်လာသောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

မြစ်ကြီးနားဘက်မှ စစ်ကောင်စီ စစ်ယာဉ်တန်းတက်လာသည်ဟု ချီဖွေဒေသခံများ ပြောဆိုနေသော်လည်း KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ချီဖွေဒေသတွင် ဆက်သွယ်ရေးအတွက် MPT နှင့် Telenor ဖုန်းလိုင်း ၂ခုသာ ရရှိသေးသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ရေးတည်ငြိမ်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

Show More

Related Articles

Back to top button