သတင်း

ကန့်ဘလူ စစ်ဘေးရှောင်ပြည်သူများ မြွေအန္တရာယ်ကြုံတွေ့နေရပြီး ဆေးဝါးများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်သည့် ပြည်သူများ မြွေအန္တရာယ် ကြုံတွေ့နေရသဖြင့် မြွေဆိပ်ဖြေဆေးများအရေးပေါ်ကူညီပေးရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်ပြည်သူများထံမှသိရသည်။

စစ်ရှောင်များတွင် မြွေဆိပ်ဖြေဆေးများ မကျန်ရှိတော့သည့်အတွက် နောက်ထပ် မြွေကိုက်ခံရမှုများ ထပ်မံကြုံတွေ့ပါက အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်လာနိုင်သည်ဟု စစ်ရှောင်ကူညီပေးနေသည့် ပြည်သူတစ်ဦးက KNG ကိုပြောသည်။

အခုက အရန်ထိန်းဖို့အတွက် ဆေးက ၂လုံးလောက်ပဲကျန်တော့တယ် တယ်လို့ မြွေကိုက်ခံရတဲ့သူတစ်ယောက်လောက်ကို ပြန်ထိုးပေးလိုက်ရင် ဆေးကမရှိတော့ဘူး။ ကျနောတို့ကို မြွေဆိပ်ဖြေဆေးကို ဆေးပဲရရ တခြားငွေကြေးနဲ့ပဲဖြစ်ဖြစ် ကူညီပေးလို့ရပါတယ်ဟုပြောဆိုသည်။

ယခင်က မြွေဆိပ်ဖြေဆေးအတွက် ဆေးဝယ်ယူရန် လွယ်ကူခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက ဆေးဝါးပိုင်းဆိုင်ရာများကို ထိန်းချုပ်လိုက်သည့်အပြင် တစ်ဖက်တွင် သယ်ယူပို့ဆောင်ရေးနှင့်ငွေကြေးအခက်အခဲများရှိနေသောကြောင့် ယခုလိုအရေးပေါ်ကူညီရန် လိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်သည် အပူပိုင်းဒေသတွင်ပါဝင်ပြီး မိုးအကုန်ဆောင်းအကူးကာလတွင် မြွေအန္တရာယ်ကို အများဆုံးကြုံတွေ့ရသည့် အချိန်ကာလတစ်ခုဖြစ်သည့်အတွက် ထိုအချိန်တွင် မြေပွေးနှင့်မြွေဟောက်အများဆုံးပေါများသည့် အချိန်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များဆိုသည်။

အောက်တိုဘာလ ၉၊ ၁၀ ရက်နေ့တွင် စစ်ဘေးတိမ်းရှောင်ရင်း ဒေသခံ ၃ဦး မြွေပွေးကိုက်ခံရကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေများကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

ထို့နောက် ဇွန်လနှင့်အောက်တိုဘာလအတွင်း မြွေကိုက်ခံရသည့် စစ်ရှောင်ပြည်သူများ ၂၀ ဦးအထိရှိခဲ့ပြီး ၂ဦးသေဆုံးမှုရှိခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများ၏ ထုတ်ပြန်ချက်မှသိရသည်။

ယခုလို ကန့်ဘလူနယ် ဒေသခံများ မြွေကိုက်ခံရမှု အန္တရာယ်ကြုံတွေ့နေရခြင်းသည် စစ်ကောင်စီတပ်များ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ မြွေကိုက်ခံရမှုကြုံတွေ့နေကြခြင်းဖြစ်သည်။

Show More

Related Articles

Back to top button