သတင်း

ရွှေကူနယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၂ခု ဝင်ရောက်စီးနင်းခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် နန့်လင်း နှင့် နောင်လတ်ကြည် ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လူနေအိမ်များကို ဝင်ရောက်စီးနင်း နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ယနေ့ အောက်တိုဘာလ ၁၁ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်မှ ရွှေကူမြို့ဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့်  နန့်လန်နှင့် နောင်လတ်ကြည်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး KIA PDF တို့ကြား ယနေ့နံနက်ပိုင်းမှ ယခုည ၁၀ နာရီဝန်းကျင်အထိ ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်ဟု ရွှေကူဒေသခံတစ်ဦး KNG ကိုပြောသည်။

တိုက်ပွဲက မနက် ၈နာရီလောက်ကနေ နေ့လည်ပိုင်းလောက် ခဏငြိမ်သွားတယ်။ PDF တွေဘက်ကတော့ အင်အားမမျှလို့ နောက်ဆုတ်သွားတယ်။ အခုညမှာ ပြန်ပစ်နေပြီပြီ။ သေနတ်သံတွေဆက်တိုက်ကြားနေရတယ်။ နန့်လန်အနီးမှာပဲ အထိအခိုက်တော့ သေချာမသိရသေးဘူးဟုပြောသည်။

စစ်ကောင်စီတပ်သည် နန့်လန်နှင့် နောင်လတ်ကြည် ကျေးရွာ ၂ခုတွင် ဝင်ဝရွာသား ဒေသခံတစ်ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်လာကာ လူနေအိမ် ၃၀ ကျော်ခန့်ကို မွှေနှောက်ဖျက်ဆီးပေးလိုက်ကြောင်းသူကဆက်ဆိုသည်။

လက်ရှိတွင် အဆိုပါ ကျေးရွာ ၂ခု၏ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားမှု ရှိ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သော စက်တင်ဘာလ ၂၂ရက်နေ့တွင်လည်း ရွှေကူနယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော် ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ပြည်သူ ၄၀၀ ကျော် နှစ်ပတ်ခန့်အကြာ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့သည်။

Show More

Related Articles

Back to top button