သတင်း

ဆန်အိတ်အတွင်း ကျည်ဆံသယ်ဆောင်လာသည့် ခရီးသည်ယာဉ်တစ်စီး ဖမ်းဆီးခံရ

ခရီးသည်တင်ယာဉ်ကားတစ်စီးတွင် တင်ဆောင်လာသည့် ဆန်အိတ်များအတွင်း ကျည်ဆံများတွေ့ရှိရသဖြင့်  စစ်ကိုင်းတိုင်း အင်းတော်မြို့ အဝင်ဂိတ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းအရင်းအမြစ်တစ်ဦးထံမှသိရသည်။

အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် တက်နေလင်းခရီးသည် တင်ကားတွင် တင်ဆောင်လာသည့် ဆန်အိတ်များတွင် ကျည်ဆံများ စစ်ဆေးတွေ့ရှိခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

အင်းတော်ဂိတ်မှာ ဖမ်းခံလိုက်ရတာဟုတ်တယ်။ ခါတိုင်း အဲ့ဂိတ်မှာ စစ်တာသိပ်မရှိဘူး မနေ့ကတော့ သေချာကိုစစ်ဆေးတာဗျာ။ ကျနော်တို့ထင်တာက ဒလန်သတင်းပေးကြောင့် ဖြစ်နိုင်တယ်။ ကျည်ဆံက ဘယ်နှစ်တောင့်ဆိုတာက မသိဘူး။ ကားကိုလည်း အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်တယ်ဟုပြောဆိုသည်။

ဖမ်းဆီခံလိုက်ရသည့် ကျည်ဆံများသည် မန္တလေးဘက်သို့ သယ်ဆောင်သွားရန်ဖြစ်ပြီး မည်သည့်အဖွဲ့က တင်ဆောင်ခိုင်းသည်ကို မသိရှိရသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိနေပါသည်။

အဆိုပါ ကျည်ဆံများ ဖမ်းဆီးရမိသည့် တက်နေလင်း ခရီးသည်ယာဉ်ကားကို အင်းတော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

အင်းတော်ဂိတ်တွင် ယခုလို လက်နက်ကျည် ဖမ်းဆီရမိမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုဂိတ်တွင် စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်သားများက ပုံမှန် နေထိုင်သည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။

ကချင်နှင့် စစ်ကိုင်းနယ်စပ်ရှိ နန့်စီးအောင်ဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရမှုမကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။

Show More

Related Articles

Back to top button