စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်မပြန်နိုင်သေးသော ဆင်လီကောင်ရာဒေသခံများအတွက် စားနပ်ရိက္ခာ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ပြေးရှောင်နေရသည့် ဆင်လီကောင်ရာကျေးရွာဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အပြင် အစားအသောက်ပြတ်လပ်မှုဒဏ် ထပ်မံကြုံလာနေရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဆင်လီကောင်ရာ၊ မန်ဂျတ်နှင့် ကုန်းကယား စသည့်ကျေးရွာဒေသခံများ နီးစပ်ရာမြို့ဆီ ထွက်ပြေးတိမ်းရှောင်သွားရာတွင် ယခုချိန်ထိ ကျေးရွာအတွင်းလုံခြုံမှုမရှိသဖြင့် နေရပ်မပြန်နိုင်သေးချိန် စားနပ်ရိက္ခာလိုအပ်လာသည်ဟု ဆိုသည်။

အခုက ရွာသားတွေလည်း ကိုယ့်အိမ်ကိုပြန်ဖို့ လုံခြုံမှုမရှိဘူး။ ရွာနဲ့မဝေးတဲ့အနီးတဝိုက်မှာ စစ်သားတွေရှိနေသေးတယ်။ ပြီးတော့ အခုက စစ်ရှောင်တွေက နေရပ်ပြန်ဖို့ကို ပြန်ချင်စိတ်ပျောက် နေတာ။ တချို့ဆို ဘာမှကိုမရှိတော့ဘူး။ ချက်ဖို့ပြုတ်ဖို့ အိုးခွက်ပန်းကန်တွေကအစ၊ ဆန်တွေ၊ အစားအသောက်တွေလည်း ဘာမှမရှိတော့ဘူး။ စောင်တွေလည်း ဘာမှမရှိတော့ဘူး။ အဝတ်အစား တွေအထိ ဖျက်ဆီးပေးလိုက်ကြတာ။ ကိုယ့်နေအိမ်မှာ ဘာမှမရှိတော့ဘူးဆိုတော့ ပြန်လည်း ပိုခက်မဲ့ အနေအထားဖြစ်နေတယ်။” ဟု အမည်မဖော်လိုသူ ဆင်လီကောင်ရာ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း တိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ အဖိုးတန်ပစ္စည်းမှန်သမျှ ယူဆောင်သွားခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းတို့ကြောင့် ဒေသခံများမှာ နေရပ်ပြန်ရန် စိုးရိမ်နေကြောင်း ပြောသည်။

စစ်ကောင်စီမှ ရွာကို ဖျက်ဆီးထားပြီးနောက် လူငယ်တချို့နေရပ်ပြန်ကာ ရှင်းလင်းမှုပြုလုပ်ခဲ့သော်လည်း အမျိုးသမီးများနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများသည် နမ်ခွမ်ကျေးရွာနှင့် နမ္မတူမြို့ အသင်းတော်ဘုရားကျောင်းဝင်း၌သာ ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

သတင်းကျွတ်ကာလ တိုက်ပွဲတည်ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းသွားလာမှုနှင့် တပ်စွဲနေထိုင်မှုများ ဆက်လက်ရှိနေသေးသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်ပြီး ဒေသခံများလည်း နေရပ်မပြန်ရဲသေးကြောင့် ယခုလို ဆက်ပြောသည်။

အခု သတင်းကျွတ်အတောအတွင်းမလို့ သေနတ်သံတွေငြိမ်နေပေမဲ့ စစ်တပ်က အဆုတ်သွားသေးဘူး။ ဆက်ပြီးထိုးဝင်အုံးမလား၊ နမ္မတူမန်တုံ လမ်းမကြီးတစ်လျှောက်တော့ ရှိနေသေးတယ်။ သူတို့က အချိန်မရွေး ထိုးဝင်လာနိုင်တဲ့အနေအထားဖြစ်နေတယ်။ KIA ဘက်ကလည်း အဆင့်အသင့်အနေအထား စောင့်ကြိုနေပုံနဲ့ အချင်းချင်း တင်းမာနေသေးတာဖြစ်တယ်။ ရွာသားတွေအတွက်က လုံခြုံမှုမရှိသေးဘူး။ ဟု ၎င်းကပြောသည်။

ယခုလို စစ်ရှောင်ပြည်သူ ၁၀၀ ကျော် နေရပ်မပြန်နိုင်သေးသည့်ကာလအတွင်း အစားအသောက်ပြတ်လပ်မှုဒဏ် ထပ်မံကြုံတွေ့လာရပြီး အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေကြောင်း ဆက်လက်ပြောဆိုသည်။

အဓိက အစားအသောက်၊ နေတာကြာလာတာနဲ့အမျှ အခြားကူညီမှုတွေလည်းမရောက်ရှိတော့ အသင်းတော်အတွင်းကပဲ ကျွေးမွေးထားတာကြောင့် ဆန်တွေပျက်လပ်လာတယ်။ ဟိုနေ့ကတောင် နမ်ခွမ်ကျေးရွာဘက် စစ်ရှောင်နေတဲ့ ရွာသားတွေ ဆန်ကုန်ပြီလို့ပြောလာတယ်။ ဒီဘက်နမ္မတူ မြို့ကနေလည်း ပို့ပေးဖို့ ခက်နေတယ်။ ပြီးတော့ ကလေးတွေနဲ့ ရုတ်တရက်ချက်ချင်း ထွက်ပြေးလာကြတာကြောင့် ဝတ်စားဆင်ရင်ဖို့လည်း မရှိဘူး။ ပြီးတော့ တကိုယ်ရေ သန့်ရှင်ရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့မှစပြီး ၎င်းဒေသတွင် တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရွာတွင်းပစ်ခတ်မှုကြောင့် နေအိမ်၊ အဆောက်အအုံများ ပျက်စီးလာသောကြောင့် ရွာခံများလည်း အိုးအိမ် စည်းစိမ်စွန်ခွာပြီး အသက်လွတ်ရုံမျှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

သို့ရာတွင် စစ်ရှောင်နေရသည်မှာ ရက်ပေါင်း ၂၀ ကျော်လာပြီဖြစ်သောကြောင့် အစားအသောက်အခက်အခဲ ကြုံတွေ့နေကြရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button