သတင်း

ရွှေကူတွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးချုပ်နှောင်ခံထားရ

ကချင်ပြည်နယ် ရွှေကူမြို့တွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီစစ်သားများ နှင့် ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

 အောက်တိုဘာလ ၁၄ရက်နေ့ ည ၉နာရီဝန်းကျင် ရွှေကူမြို့ အမှတ် () ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ဦးကိုနိုင်ကို စစ်သားနှင့်ရဲ စစ်အင်အားအများအပြားဖြင့် ဝန်းရံကာ လာရောက်ဖမ်းဆီးသွားသည်ဟု ရွှေကူနယ် ဒေသခံတစ်ဦး KNG ကိုပြောသည်။

လာဖမ်းသွားတာက ည ၉နာရီလောက်ရှိပြီ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကို အသိရဘူး။ သူက အုပ်ချုပ်ရေးမှူးဟောင်းဆိုပေမယ့် CDM လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ စစ်သားနဲ့ ရဲတွေ အင်အားအများနဲ့လာဖမ်းသွားတာဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနိုင်ကို ရွှေကူမြို့အချုပ်ခန်းအတွင်း ယနေ့နံနက်ပိုင်းအထိ မိသားစုဝင်များနှင့် တွေ့ခွင်မပေးဘဲ ချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရွှေကူ စစ်လှေဆိပ်မှာ လူလတ်ပိုင်း လူငယ်တစ်ဦးကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ ဖမ်းဆီးခေါ်သွားသွားပြီး လက်ရှိအချိန်အထိပြန်မလွတ်သေးကြောင်း သတင်းအရင်းအမြစ်များထံမှသိရသည်။

လတ်တလောတွင် ရွှေကူမြို့၏ အနောက်ဘက်ခြမ်း နန့်လင်း၊ စီမော်၊ စည်သာစသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်း ၄၀၀ ကျော်ခန့်ကို စစ်ကြောင်း ၂ခုခွဲကာ စစ်ရေးလှုပ်ရှားမှုများရှိနေသောကြောင့် ကျေးရွာ ၁၀ ခုခန့်က ရွှေကူမြို့နှင့် မိုးကင့်ဘက်သို့ စစ်ရှောင်နေကြဆဲဖြစ်သည်။

Show More

Related Articles

Back to top button