သတင်း

မိုးကောင်း ၄ မိုင်း ကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့ အဝင် ၄ မိုင်ကျေးရွာ၏ ကျောင်းထိုင်ဆရာတော်ဘုန်းကြီး ယနေ့ည ၈နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ဖြစ်စဉ်မှာ ၄ မိုင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အုပ်ချုပ်ရေးမှူးအပါ ကျောင်းထိုင်ဆရာတော်နှင့်အတူရှိနေစဉ် အမည်မသိအဖွဲ့အစည်း ၁၀ ဦးခန့်က ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ပစ်ခတ်သွားသည်ဟု မိုးကောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။

“အုပ်ချုပ်ရေးမှူးနဲ့ သူတို့ ကျောင်းထဲမှာ စကားပြောနေကြတဲ့အချိန်မှာ ပစ်ခတ်ခံလိုက်ရတယ်။ လာပစ်တဲ့အဖွဲ့က ကားနဲ့လာပြီး ဝင်ပစ်သွားတယ်လို့သိရတယ်။ ဘုန်းကြီးလည်း သေနတ်ဒဏ်ရာတော်တော်များတယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးက လွတ်သွားတယ်လို့ကြားတယ်”ဟုပြောသည်။

ကျောင်းထိုင်ဘုန်းကြီးပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မိုးကောင်း ဒေသခံ သတင်းအရင်းအမြစ်က ယခုလို ဆက်လက်ပြောဆိုသည်။

“ဘုန်းကြီးက ဘာလို့ ပစ်ခတ်ခံရတယ်ဆိုတော့ သူတို့ စစ်တပ်နဲ့တော်တော်နီးစပ်တယ်လို့သိရတယ်။ အရင်ကလည်း ဘုန်းကြီးက ကြံ့ခိုင်ရေးဘက်ပါတယ်လို့ပြောတယ်။ အဲ့ကြောင့် ပစ်ခတ်ခံရတယ်လို့ထင်တာပဲ။ ဒါပေမယ့် အခုချိန်အထိ ဘယ်အဖွဲ့အစည်းက ပစ်တယ်လို့က ပြောလို့မရဘူး စုံစမ်းနေဆဲဖြစ်တယ်”ဟုဆက်ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ၄ မိုင် ကျောင်းထိုင်ဆရာတော်သည် အသက် ၆၀ နှစ်အရွယ် ဘန်ဒန္ဒသီတာနန္ဒ(ဦးသူရဇော်) ခေါ်သူဖြစ်သည်ဟုသိရသည်။

ကျောင်းထိုင် ဆရားတော်၏ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၆ ချက်တွေ့ရပြီး မိုးကောင်း စစ်ဆေးရုံတွင် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါ ၄ မိုင်ကျေးရွာသည် မိုင်းကောင်းမြို့အဝင် ညာဘက်ခြမ်းတွင်တည်ရှိပြီး များသောအားဖြင့် ရှမ်းလူမျိုး အများဆုံးနေထိုင်သည့် ကျေးရွာ တစ်ခုဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button