သတင်း

ဖားကန့်တွင် ပစ်သတ်ခံလိုက်ရသည့် အခွန် ဒုဦးစီးမှုး၏ ရုပ်အလောင်းတွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး နှင့် စသုံးလုံးမှ အရာရှိတစ်ဦးတို့  ပစ်သတ်ခံရမှုတွင် အခွန် ဒုဦးစီးမှူး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၆ ရက်နေ့ တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ၄နာရီအချိန်တွင် အခွန် ဒုဦးစီးမှူးနှင့် စသုံးလုံး အရာရှိ ၂ဦးသည် ဖားပြင်ကျေးရွာ အနှိပ်ခန်းတစ်ခုအတွင်း ရှိနေစဉ် အမည်မသိအဖွဲ့အစည်းတစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်ခါအုပ်စု ဆွတ်အောင်ရွာအရောက်တွင် ပစ်သတ်လိုက်သည်ဟုသိရသော်လည်း ဒုအခွန်ဦးစီးမှူး၏ ရုပ်အလောင်းသာတွေ့ရှိရကြောင်း ဖားကန့်ဒေသခံတစ်ဦး KNG ကိုပြောသည်။

သူတို့ ၂ယောက်စလုံးကို ဖားပြင်အနှိပ်ခန်းကနေ ခေါ်သွားပြီးတော့ ဆန်ခါအတက် ဆွတ်အောင်ရွာအရောက်မှာ ပစ်သတ်လိုက်တယ်။ ဒါပေမယ့် စသုံးလုံးအရာရှိတစ်ယောက်က မသေဘူးလို့ပြန်သိရတယ်။ သူတို့က ၂ယောက်စလုံးကိုသေပြီ ဆိုပြီး အလောင်းကို အဲ့နေရာမှာပဲ ပစ်ထားခဲ့တာ။ ဒေသခံတွေပြန်တွေ့တဲ့အခါမှာ အလောင်းက တစ်ခုထဲပဲပြန်တွေ့ကြတယ်။ အဲ့တစ်လောင်းက အခွန် ဦးစီးမှူးရဲ့ အလောင်းဖြစ်နေတယ်ဟုပြောဆိုသည်။

လက်ရှိတွင် သေဆုံးမှုမရှိဘဲ လွတ်မြောက်နေသည့် စသုံးလုံးမှ အရာရှိမှာ မည်သည့်နေရာတွင် ဆေးကုသမှုခံယူနေရသည်ကို အသေးစိတ်မသိရသေးကြောင်း သူကဆက်ဆိုသည်။

မသေပဲ လွတ်သွားတဲ့ သူကို ဆေးရုံတွေမှာ လိုက်စုံစမ်းကြည့်တာမရှိဘူး လုံခြုံတဲ့နေရာ ဗျူဟာတို့မှာပဲ ဆေးကုပေးနေတယ်လို့ထင်ကြတယ်။ သူတို့ ၂ယောက်ရဲ့ နာမည်ကတော့ သေချာမသိရသေးဘူး။ သေဆုံးသွားတဲ့ အခွန် ဦးစီးမှူးကတော့ မိုးကောင်းဘက်က ပြောင်းလာတာ ဟုတ်တယ်ဟုဆိုသည်။

ဖားကန့်မြို့နယ်တွင် ယခုနှောက်ပိုင်း စစ်ကောင်စီရဲများ ဖမ်းဆီး ပစ်သတ်ခံရမှု ပိုမိုများပြားလာသည်နှင့်အမျှ စစ်ကောင်စီစစ်သားများနှင့် ရဲဘက်မှလည်း အရပ်ဝတ်များဖြင့် ပြည်သူများကြား သွားလာလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button