တိုက်ပွဲသတင်း

မန်တုံတွင် စစ်ကောင်စီ နှင့် KIA တိုက်ပွဲဆက်လက်ဖြစ်ပွား

ရှမ်းမြောက် မန်တုံမြို့တွင် အောက်တိုဘာ ၁၇ ယနေ့ နံနက် ၁၀ နာရီ မှ နေ့လည် ၁၂ နာရီခန့်ထိ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်း သိရသည်။

စစ်ကောင်စီ အင်အား ၆၀ ကျော်သည် မန်တုံအထက် မုန်ဝွေနမ်ခမ်း သွားလမ်းရှိ KIA တပ်စခန်းရှိရာသို့ ချီတက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ခုထိ တိုက်ပွဲသံတွေကြားနေတုန်း၊ ဒီနေ့က စစ်တပ်ဘက်ကလည်း KIA ရှိတဲ့ဘက်ကို စစ်ကြောင်းထိုး တိုက်ပွဲဖြစ်နေသလို KIA လည်း မြို့တွင်းမှာရှိတဲ့ စစ်တပ်စခန်းကို လာပစ်နေတာပေါ့။ မနေ့က လာပစ်တဲ့ စစ်တပ်စခန်းမှာပဲ KIA ဒီနေ့ထပ်လာပစ်တာ။ ဟိုဘက်မှာ ဖြစ်တော့ ဒီဘက်လည်းလာပစ်ခတ်တာပေါ့။ ၂ နေရာတစ်ပြိုင်တည်း ဖြစ်နေတယ်အခုက။” ဟု မန်တုံဒေသခံတစ်ဦးက ပြောသည်။  

စစ်ကောင်စီမှ KIA စခန်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ဘက်မှလည်း မန်တုံမြို့အဝင်ရှိ  ခမရ ၁၃၀ စစ်တပ်စခန်းကို လာရောက်ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှ လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူတစ်ချို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

မြို့တွင်းက ပြည်သူတွေအားလုံးတောင် ပုန်းတဲ့သူက ပုန်း အားလုံး တိတ်ဆိတ်သွားပြီ။ ဒီနေ့ လက်နက်ကြီး အတကုန် ပစ်ခတ်ပြီ။ ဘယ်ဘက် ဘယ်ဘက် ကိုသွားကျပြီလဲမသိဘူး။ ဒေသခံအားလုံးလည်း ကြောက်ရွံ့ စိုးရိမ်နေ ကြတာပေါ့။ တချို့နေရာရှိတဲ့သူတွေက မြို့ကြီးဘက်ကို ရှေ့ရက်တွေကလည်းက တိမ်းရှောင်ကုန်ပြီ။ ခုထပ်ဖြစ်နေတော့ ရှောင်တဲ့သူ ရှောင်ရင်း ရှိနေကြတယ်။” ဟု အထက်ပါ မန်တုံဒေသခံက ဆက်ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်း မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA  လာရောက် ပစ်ခတ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်း မန်တုံမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ယမ်းတမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူထိခိုက်မှုနှင့် လူနေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။

လတ်တလော စစ်ကောင်စီတပ်မှ မန်တုံနှင့် နမ္မတူကြား စစ်ကြောင်းများ နေရာယူ လှုပ်ရှားနေပြီး KIA PDF တို့နှင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button