သတင်း

ဆယ်ဇင်းတွင် စစ်ကောင်စီ တပ်စခန်းနေရာချရန် ဒေသခံပြည်သူများကို အတင်းအဓမ္မဖယ်ရှားခိုင်း

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ ဘုရားငါးဆူနေရာတွင် စစ်ကောင်စီတပ်မှ တပ်စခန်းနေရာအသစ်ဆောက်လုပ်ကာ တပ်စွဲနေထိုင်နေသည့်အတွက် ဒေသခံ အိမ်ခြေ ၃၀ ဝန်းကျင်ခန့်ကို အတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ကြောင်းသိရသည်။

ဘုရားငါးဆူအနီးတဝိုက်တွင် လက်လုပ်စား စိုက်ပျိုးခြံ လုပ်ကိုင်သူများ နေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ထိုနေရာတွင် ရှိနေသည့် ပြည်သူများကို ဖယ်ရှားပေးရန် လာရောက်သတိပေးပြောဆိုခဲ့သည်ဟု ဘုရားငါးဆူအနီးတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။

ဘာလို့ဖယ်ရှားခိုင်းနေလဲတော့ သေချာမသိရဘူး ၄၊ ၅ ရက်လောက်ရှိပြီ ဟုတ်တယ်။ အဲ့မှာ လူများများစားစားတော့မနေဘူး ခြံလုပ်တဲ့သူတွေနဲ့ ဝက်မွေးတဲ့ဘာမွေးတဲ့သူတွေပဲရှိကြတယ်။ စစ်တပ်က သတိပေးတော့ ကြောက်လို့ အားလုံး ထွက်ပြေးကုန်ပြီဟုပြောဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဩဂုတ်လ ၉ ရက်နေ့ ဆယ်ဇင်းကျေးရွာကို လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်း လက်ရှိအချိန်အထိ တပ်စွဲနေထိုင်လျက်ရှိနေရာ ဘုရားငါးဆူနေရာတွင်လည်း တပ်စခန်းအသစ်တစ်ခုဆောက်လုပ်ထားသည်ဟု သိရသည်။

အခုက ရွာထဲမှာကော ငါးဆူဘုရားနားမှာကော ကတုတ်ကျင်းတွေလုပ်ပြီး သံဆူးကြိုးတွေနဲ့ အကုန်ခတ်ထားပြီ အဲ့နေရာမှာ နေဖို့လုပ်နေကြတယ်ဟု နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်မံပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဖယ်ရှားရန် သတိပေးမှုကြောင်း ၎င်းနေရာတွင် နေထိုင်ကြသည့် အိမ်ခြေ ၃၀ ဝန်းကျင်ခန့်  လုံးခင်း ဟောင်းပါဘက် နီးစပ်ရာ ရွှေ့ပြောင်းနေကြပြီးဖြစ်သည်ဟုသိရသည်။

ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းကြောင့် ဆယ်ဇင်းကျေးရွာ လူနေအိမ် ၆၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ၂၀၀၀ ဝန်းကျင်သည် လုံးခင်း၊ ဟောင်ပါးနှင့်တာမခံ ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိနေသည်။

Show More

Related Articles

Back to top button