သတင်း

KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ ငွေကြေးစီးဆင်းနေသော ရင်းမြစ်များကို ပိတ်ဆို့ရန် စစ်ကောင်စီသည် စစ်သုံးဆီ နှင့် ဆန် သယ်ယူခွင့် တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။

ဖားကန့်သို့တက်မည့် ဆီကားအစီး ၁၀၀ ကျော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း နမ့်ယာကျေးရွာ စစ်တပ်ဂိတ်တွင် ပိတ်ထားသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ဖြစ်သည်။

ဖားကန့် လမ်းမကြီးတစ်လျှောက် နမ့်ယာကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်စိုင်ယန်နှင့် တံတားညီနောင်တို့ရှိ ကျောက်နီ၊ ရွှေမှော်များနှင့် ဖားကန့်မြို့တွင်း ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းများကို ရပ်တန့်စေလိုသည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

သူတို့က အနီးတဝိုက်မှာရှိတဲ့ မှော်တွေမှာ အခွန်အကောက်လုပ်လို့မရတာတွေရှိလာတယ်။ အခုဆို သံဇာတတူးဖော် တာတွေ ပြန်ရှိလာတော့ သူတို့ထိန်းချုပ်ချင်တဲ့သဘောမှာရှိနေတယ်။ ဒါပေမယ့် သူတို့က ဝင်လို့မရတော့ဘူး။ ဒီမှော်တွေကိုက KIA က ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်။ အဲ့ကြောင့် အဲ့မှော်တွေမှာ ဆန်တို့ ဆီတို့ မဝင်နိုင်အောင် နန့်ယားစစ်တပ်ဂိတ်မှာ ထိန်းချုပ်ထားတဲ့သဘောမှာရှိတယ်” ဟု ဆိုသည်။

နမ့်ယာ စစ်တပ်ဂိတ်တွင် ဆန်နှင့် စက်သုံးဆီများကို ပိတ်ဆို့ထားသည့်အတွက် ဖားကန့် လမ်းမကြီးတစ်လျှောက် ကျေးရွာများမှာ ဆီပြတ်လပ်သည့် ပြဿနာကြုံတွေ့နေရပြီဟု သူက ဆက်ဆိုသည်။

ဆီနဲ့ ပတ်သက်တဲ့ အကုန် ဒီ နန့်ယား စစ်တပ်ဂိတ်မှာ ပိတ်ထားတယ်။ ဆီးကားတွေ တစ်ရာကျော် သွားခွင့်မရလို့ ပြန်ခေါက်သွားတဲ့ ဆီးကားတွေလည်းရှိတယ်။ ဒီကနေ့အထိ ကျနော်တို့ ဒီနားတစ်လျှောက်က ဆီတွေအကုန်ပြတ်သွားပြီ။ သူတို့ အချင်းချင်း အာဏာပြတာက အရေးမကြီးဘူး ပြည်သူတွေပဲ နေရ ထိုင်ရတာ ခက်ခဲလာတယ်” ဟု ဆက် ဆိုသည်။

အဆိုပါ ကျေးရွာ ၄ ခုမှ ပြည်သူများသည် လိုအပ်သည့် ဆန်နှင့် စက်သုံးဆီများကို နမ့်ယာကျေးရွာအထိ သွားရောက်ဝယ်ယူနေရသည်ဟု သိရသည်။

ဖားကန့် လုံးခင်းနှင့် ဆိုင်းတောင်ရှိ ဆီဆိုင်များတွင်လည်း ဆီပြတ်လပ်သွားသဖြင့် အောက်တိုဘာလ ၂၄ နောက်ပိုင်းတွင် ဆိုင်ပိတ်လိုက်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောဆိုသည်။

ဆီကားအဝင်တွေမရှိတော့ဘူး ဒေါ်လာစျေးတက်လို့လည်း မဟုတ်ဘူး။ တကယ်လို့တက်ရင်တောင် တက်တဲ့စျေးနဲ့ ရောင်းကြမှာ အခုက လုံးဝကိုမဝင်တာ ငါးရက်လောက်ရှိပြီ။ နန့်ယားဘက်မှာက ဆီကားတွေပိတ်ထားတယ်တဲ့။ မနေ့ကတော့ ပန့်ဆိုင်အားလုံးပိတ်သွားပြီ” ဟု ပြောဆိုသည်။

ဖားကန့်မြို့ပေါ်တွင် စက်သုံးဆီများပြတ်လပ်သွားသည့်အတွက် အပြင်ဆိုင်များတွင် ဆိုင်ကယ်စီးနင်းသူများ တစ်ပုလင်း ၅၀၀၀ ကျပ်ပေးဝယ်နေရသည်ဟုသိရသည်။

ယခုနှစ် ဇူလိုင်လတွင်လည်း ဖားကန့်မြို့နယ် အပါအဝင် မြစ်ကြီးနား၊ ပူတာအို မြို့နယ်အသီးသီးတွင် ဆီပြတ်လပ်မှု ရှိခဲ့သည်။

Show More

Related Articles

Back to top button